စံပယ်ရေ
တခုခုရေးပါလားတဲ့
ကဗျာဆိုပြီးဖတ်တတ်စအရွယ်ကတဲက
ကဗျာတွေကိုရေးတတ်ချင်ခဲ့တာ
ဖတ်ချင်နေခဲ့တာ
အဲတာတွေဟာ လက်တွေ့ဘ၀မှာ အမှားတခုဖြစ်ခဲ့ရပြီ။
အိမ်မက်တွေလှဖို့ချစ်သူကဆုတောင်းပေးခဲ့ဖူးတယ်
လက်တွေ့ဘ၀မှာ အိမ်မက်ကလှဖို့မလိုဘူး
ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘ၀ပဲ လှဖို့လိုတယ်ဆိုတာ
အသိနောက်ကျနေပြီလား။
ဒဏ်ရာတွေအများကြီးနဲ့ ဘ၀ကိုဖြတ်သန်းရမယ်ဆိုရင်
အဖြူရောင် ဒဏ်ရာများသာဖြစ်ချင်သူပါ
အပြုံးတွေဝေနေချင်သူဖြစ်ပြီးအမုန်းတွေကို စွန့်ပစ်ချင်သူတယောက်မို့
စည်းကမ်းတွေတင်းကျပ်မှုဘောင်ထဲ (သို့မဟုတ်) သေးသေးလေးကအစ
ကြည့်တတ်မြင်တတ်ဝေဖန်တတ်ရင် ကျွန်မနဲ့အဆင်ပြေမယ်မထင်ပါ။
အေးစက်စက်အပြုံး
အေးစက်စက်လက်အစုံ
အေးစက်စက်အကြည့် ခံစားရတာ များလာတော့
ကော်ဖီဆိုရင် ခပ်ပူပူလေးပဲသောက်ချင်မိတော့တယ်။
ဖိအားတွေ အားသာလွန်းလို့ အရပ်ဒေသတခုမှာ
အောင်မြင်မှုကခေါင်းပြူဖို့ဆိုတာ လွယ်ကူသည့်အရာမဟုတ်ကြောင်း
အသိနောက်ကျပြီလား?
ဆိုင်းသံ ဘုံသံတွေဆင့်ပြီးရောက်လာခဲ့တာမဟုတ်သလို
သဲဖြူခင်း ရာဇမတ်လဲ မကာထားတဲ့ခရီး
နှစ်ပါးသွားအကနဲ့ ဇာတ်ထွက်လာရသူမှာ
ဇာတ်ကမလှ အကလဲမတတ်
ကံကောင်းပါတယ်ဆိုလို့
ခပ်ရဲရဲပဲ ဆူးပုံကိုနင်းချလိုက်တာ
ကိုယ့်ခြေတောက်မှာ သွေးချင်းနီနီ။
အတ္တနဲ့မာနအပြိုင်လက်ဝယ်ထားသူများ
ကျွန်မလက်ကို လာမတွဲပါနဲ့
စေတနာပါတဲ့
ပြောတော့ချိုချို ရင်ဝယ်ခါးခါး
ကျွန်မပဲ မှားနေသလား
ဘောင်ခတ်ထားတဲ့ ပတ်ဝန်းကျင်ကြား
ကျွန်မကတော့ နှလုံးသာ တခြမ်းပဲ့
ဒဏ်ရာတွေအပြည့်။
၆လလောက်ကြာအောင်ရေးခဲ့ရတဲ့ ကဗျာ လို့ပဲပြောရမယ်ထင်တာပဲ။
Jasmine