
မိုးအကုန်နောက်ကျတယ်ဆိုရတော့မယ် အေးလဲအေးနေပါပြီ မိုးလဲမကုန် ဆောင်းတော့ရောက်ပြီ ပြောရမလိုပဲ အရမ်းကိုအေးနေပြီတဲ့ တစ်ဦးတစ်ယောက်ကပြောတာပါ ။
ဒါပေမဲ့လည်း စိတ်ထဲမှာစွဲနေတော့ ကိုယ်လဲအလိုလိုနေရင်း အေးလာသလိုခံစားလိုက်ရတာလေ ၊
မိုးကုန်ဆောင်ကူးလို့ပဲကြားခဲ့ဖူးတာ ၊ မိုးလဲမကုန် ဆောင်းတော့ကူးနေပါရောလား ၊ ရင်ထဲမှာဘာကြောင့် မအေး ရသလဲဆိုတာ ဘယ်သူ့ကိုများ သွားမေးရမလဲနော် တောင်ကြီး ကထိန်လဲတော်တော်စည်ကားမှာပဲ
ပြီးရင်တန်ဆောင်တိုင်ပွဲတော်လာတော့မယ် သူငယ်ချင်းတွေနဲ့ ကျောင်းသွား၊ ကျူရှင်သွား၊ စာတွေလဲအရမ်း
ကျက်နေရပြီ ဒီအချိန်ပေါ့ ချယ်ရီတွေ အပင်တိုင်း လိုလိုဖူးနေပြီ အဖူးလေးတွေကတော့ခပ်နုနုလေးတွေပေါ့၊
ရှေ့လဆိုရင်တော့ အပြိုင်ပွင့်ရတော့မှာလေ ကျွန်မတို့တို့အိမ်ရှေ့တံခါးကို မနက်စောစောဖွင့်လိုက်ရင်
မျက်နှာကို အေးစိမ့်ပြီး တစ်ကိုယ်လုံးချမ်းအေးတုန်သွား ရတဲ့အချိန်ကိုဝင်လာနေပြီ နှင်းငွေ့ နှင်းရည်တို့လာပက်လို့ပါ ပင်စိမ်းသီးတို့လဲ
စားလို့အလွန်ကောင်းတဲ့အချိန်လေးပါပဲလွမ်းလိုက်တာ၊ ဘယ်တော့မှ အဲဒီအလွမ်းတွေပြေမလဲ?
ပြေရောပြေဦးမှာလား ထပ်ပြီးအချိန်ကာလ ဘယ်လောက်ထိလွမ်းရဦးမလဲ
ဖြေပေးနိုင်တဲ့သူ ဘယ်သူများရှိလဲ? ဟိုကိုလွမ်းရ ဒီကို လွမ်းရနဲ့ အလွမ်းတွေကလူကိုပိနေရင်သေတတ်
တယ်ဆိုရင် ကျွန်မအရင်ဆုံးသေရမှာပဲ တော်သေးတာပေါ့အလွမ်းပိပြီးသေတဲ့သူတွေမရှိတာပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ ။
လူကကြည့်လိုက်ရင်ပေါ့ပေါ့ပါးပါးလေးပါပဲ စိတ်တွေကလေးလံနေတာ ကိုယ့်ကိုတိုင်သိနေခဲ့တာ ကြာပြီ ၊
ခုချိန်တစ်ယောက်ယောက်ကလာပြီးမေးပါပြီတဲ့ ဘယ်သူ့ကိုဒီလောက်လွမ်းနေတာလဲ
ခက်ပါပြီရှင် အဖြေမှ မရှိတာကို အေးလေ ဘယ်သူ့ကိုလွမ်းရမှာလဲ ကျွန်မရဲ့မြို့လေးကိုပေါ့
မြို့ကိုလွမ်းတာ ဒီလောက်တောင်လားဟယ်လို့တော့မပြောပါနဲ့
ဒီထက်ကိုပိုပြီးလွမ်းနေတာပါ ၊ လွမ်းနေရတာကိုလဲနောင်တ ခဏခဏမရပါဘူး
အဲဒီ အလွမ်းကိုကြိုက်တယ် မောင့်ကိုလဲချစ်တယ် (ဘာမှမဆိုင်ဘူးလို့မပြောပါနဲ့)
နဲနဲတော့ပေးဆိုင်လိုက်ပါနော် မောင်ဘေးမှာရှိတော့တော်သေးတာပေါ့
တစ်ခုခုဆိုရင် မောင်ရေ---ဘာဖြစ်လို့ ဘယ်သူ့ကိုလွမ်းလို့---ဘာလေးစားချင်လို့---
မောင်လဲ အဲဒီ "လို့" ပေါင်းများစွာနဲ့ ဒုက္ခတွေတစ်ထမ်းကြီးဖြစ်ရရောပေါ့ (တူတူခံစားတာပါ)
တောင်ကြီးက ငယ်သူငယ်ချင်းလေးတစ်ယောက်ရှိခဲ့ဖူးတယ် ကျွန်မလိုပဲ ညီအကိုမောင်နှမ သူ့မှာလဲ မရှိဘူး
သူကတစ်ဦးတည်းသောသားလေ ၂၀၀၃ -၂၀၀၄ ကျွန်မတောင်ကြီးပြန်တဲ့အချိန်ထိတော့
သူအိမ်ထောင်မကျသေးပါဘူး ခုလဲကျသံတော့မကြားမိဘူး သူ့အတွက်ကဗျာလေးစပ်ခဲ့ဖူးတယ်
နောက်သူငယ်ချင်းတစ်ယောက်ကတော့ ကျွန်မတို့အိမ်ဘေးချင်းကပ်က ပူစူးပါပဲ(ဂရေဟမ်)
သူနဲ့ကျတော့ ပိုပြီးခင်ပေမယ့် ကျောင်းသွားကျောင်းပြန်မတူပါဘူး တက်တဲ့ကျောင်းမတူလို့ပါ
ညဖက်တွေ သီချင်းတွေဆိုကြ ဂီတာတွေတီးကြ အိမ်ရှေ့မှာ မီးဖိုကြီးလုပ်ပြီး စုထိုင်ကြတဲ့အချိန်တွေတော့
သူကပါ ပါတယ် ၂၀၀၃- ၂၀၀၄ မှာပူစူးလာတွေ့ပါသေးတယ်ကလေး၂ယောက်ရနေပါပြီ
သူ့အမျိုးသမီးကလဲ ချစ်စရာကောင်းပါတယ်၊ အရာအားလုံးကိုလွမ်းနေရတာပါပဲ
မြစိမ်းတောင်ပေါ်မကြာခဏရောက်ဖြစ်ကြတယ် အိမ်ကနေ၁၅-၂၀မိနစ်လောက်ဆိုရင်မြစိမ်းတောင်ကို ရောက်တယ်လေ ပင်စိမ်းသီးတွေသွားကောက်ကြတာပေါ့
သိမ်းထားလို့လဲရတယ် နှင်းခံပြီး ဆားလဲစိမ်တယ် စားလို့အရမ်းကောင်းတာပဲ
ဒီလိုပဲ ညဖက်ဆိုရင်သူငယ်ချင်းတွေစုပြီး အစားလဲလုပ်စားတယ်သီချင်းတွေဆိုကြပျော်စရာကောင်းခဲ့တဲ့
ညရဲ့လရိပ်အောက်ကနေပြီး ဒီလိုကြေကြေကွဲကွဲနဲ့ လွမ်းရမှာမသိခဲ့ပါဘူး ချစ်သူရီးစားကိုမှအဲလိုလွမ်း
နေရတာ မဟုတ်ပါဘူး မိဘ-သူငယ်ချင်း-မိတ်ဆွေ ခင်ရာမင်ရာ လွမ်းတတ်တဲ့သူကတော့
အရာ အားလုံးကိုခံစားပြီး လွမ်းလို့ရပါတယ် လွမ်းတတ်အောင်လဲ ဘယ်သူကဦးဆုံးသင်ပေးလိုက်မှန်း
မသိပါဘူး အဲဒီလိုပဲ လွမ်းတတ်သွားတာပါ သူငယ်ချင်းသာယာအတွေက်ရေးခဲ့ဖူးတဲ့ကဗျာလေးကို
ပြန်လည်ခံစားလိုက်ပါဦးနော်
(သူငယ်ချင်းသာယာသို့)
ငယ်ငယ်တုန်းက သူငယ်ချင်းဖြူစင်စွာနဲ့
ချစ်ခဲ့ဖူးပါတယ်-
အားတဲ့ အချိန်လျှောက်လည်ရင်း
ဟိုနားဒီနားရောက်ခဲ့ဖူးပါတယ်-
တောင်ကြီးဟိုတယ်...ရပ်တော်မူ
လွမ်းစေတီ လဲ သွားခဲ့တာပဲ
အိမ်ကိုအလာ..မြို့ဦးမှာ
တိုက် ၆ လုံးလဲရောက်ပြန်ကာ
သူနေထိုင်ရာ ကန်အောက်ရပ်
ဈေးအနားမှာပါဗျ -
ချယ်ရီလမ်းက သူငယ်ချင်းရေ
ငယ်ဘ၀ကိုမေ့ပြီထင်
မေ့ပါနဲ့နော်သာယာလေး
ငယ်သူငယ်ချင်း ဖြူစင်အေး -
တို့များတစ်ခါပြန်တွေ့တာ
မှတ်မိသေးလားကွာ
နင်ရယ်ငါရယ်လျှောက်ကာသွား
မြို့တောင်ကြီးရဲ့...အနှံ့ပါဗျ ။
jasmine
