Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူစိမ်းတစ်ယောက်အလား

22
| Monday, December 3, 2012
နံနက်ခင်း အလင်းနဲ့အတူ
နိုးထနေကြတဲ့ လူများ
စိတ်တွေ မလင်းကြဘူး
ညအရောင်နဲ့ တောက်ပြောင်စွာ
အိပ်ယာဝင်နေကြ သူများ
ညအမှောင်နဲ့ မွေ့ပျော်နေကြတယ်

နေ့ခင်းနေ့လည်
သံတရာထဲ တ၀ဲလည်လည်
ဘ၀တွေ ကမုန့်လုံးစက္ကူကပ်ပေါ့

အိပ်ချိန်တွေ နည်းနည်း လာတယ်
အိပ်မက်တွေလဲ မရှိသလောက်ပေါ့
စကားတွေလဲ နဲနဲလာတယ်
နားထောင်ပေးမဲ့သူ မရှိတော့သလိုပဲ
ငယ်ငယ်က ကျောင်းမှာစာတွေစနစ်တကျသင်ခဲ့တယ်
လက်တွေ့ဘ၀မှာ
ဘာမှ စနစ်တကျဖြစ်မလာခဲ့
အရာအားလုံး လျော့တိလျော့ရဲ
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ ပျက်လို့နေတယ်
မှန်တချပ်ကိုသေချာကြည့်လိုက်တော့
ငါ    ဘယ်သူလဲ???

jasmine

ဒီဇင်ဘာသို့ ရုတ်တရက် နုတ်ဆက်တဲ့ စံပယ်

28
| Saturday, December 1, 2012
မြန်မြန် ဆန်ဆန်လေးပဲ
သူရောက်လာခဲ့တယ်
တနှစ်နဲ့ တနှစ်
မြန်လိုက်တာကွယ်
မြို့အ၀င် နေကြာရိုင်း
ဒီအချိန်မှာ ၀ါဝါထိန်
ချစ်သူတို့လျှောက်သောလမ်းနားက
ချယ်ရီတွေ
ပန်းနုရောင်မရင့်တရင့်
နှင်းလိုလို မြူလိုလို
ရောကောသောကောနဲ့
မနက်ခင်းတိုင်း ၀င်လာနေတာ
ဒီဇင်ဘာတဲ့လားကွယ်။

ဒီဆောင်း မနက်
နှိပ်စက်နေတဲ့ ချစ်ပုံပြင်
မြူခိုးတွေဝေ
စိတ်တွေ လေလွင့်စေခဲ့တယ်
နှင်းရည်တွေ နှလုံးသားကို လာပုတ်
ဒီ ရင်ဘတ်ကြီး
အရုပ် တရုပ်လို မခံစားတတ်ခဲ့ရင် ကောင်းမယ်
မအီ မသာနဲ့ လမ်းခွဲခဲ့ရတဲ့ အဖြစ်ဆိုး
ကြည်ကြည်သာသာ နဲ့ ငါ့ အလွမ်းပင်တွေ
ရင်ထဲ ပျိုးပြီးရင်း ပျိုးနေခဲ့တယ်။

 ရှေးဘ၀ အဆက်ဆက်
ဘာတွေ လုပ်ခဲ့မိသလဲကွယ်
ချိန်းဆိုခြင်းမရှိတဲ့
အလွမ်းတွေ ရာသီမရွှေး
နေရာမရွှေး ရောက် ရောက်လာတယ်
စလောင်းတပ်ပြီးကြည့်တော့
ကမ္ဘာအကြောင်းအားလုံးသိခဲ့ရတယ်တဲ့
အဲဒီ စလောင်း
ငါ့ရင်ဘတ်ထဲက အလွမ်း
မင်းကြည့်လို့ရလားကွယ်
ငါ့ နှလုံးသားတွေ
ဘယ်လောက်များကိုက်ခဲ
နာကျင်နေမလဲ
အဲဒီ စလောင်း မင်းသိလားကွယ်
ဖန်တရာတေနေအောင်
လွမ်းပဲလွမ်းနေရတော့
အလွမ်း ဆိုတာ 
ငါ့အတွက်   ရိုးအီနေပါပြီ
ဘာမှ ဆန်းပြားမှုလဲ
မရှိတော့ပါဘူး ။ 

ငယ်ငယ် ကနားထောင်ဖူးတဲ့ သီချင်းလေးတစ်ပိုဒ်
တကယ်ကိုသတိရမိတယ်
 ချမ်းလဲ ချမ်းတယ် လွမ်းလဲ လွမ်းတယ်တဲ့ ။


(ဘာရယ်မဟုတ်ပါဘူး ဒီဇင်ဘာရောက်ပြီ ဆိုတာနဲ့
ပျော်သလို လွမ်းသလိုလေးခံစားနေရတာမို့
ရေးမိလိုက်တာပါ......
ကျွန်မရဲ့ ကြီးပြင်းခဲ့ရတဲ့ တောင်ပေါ်မြို့လေးမှာတော့
ဒီလကိုရောက်ပြီဆိုရင်ပဲ သူငယ်ချင်းတွေ အားလုံးပျော်ကြပါတယ်)

jasmine

အတွေးလေးကို ရေးချမိတာပါ

23
| Tuesday, November 27, 2012
ငါ ဘယ်တုန်းကမှ
အကျဉ်းသားမဟုတ်ခဲ့သလို
ငါ ဘယ်သောအခါမျှ
လွတ်လပ်ခွင့်မရခဲ့ပါ
ငါ မင်းကို ဘယ်တုန်းကမျှ မမုန်းခဲ့ပါ
သို့သော် ချစ်လဲ မချစ်ခဲ့ပါ
ငါ အစပြုပြီး ရန်လိုချင်းမရှိခဲ့ပါ
အကယ်၍
မင်းရန်ပြုခဲ့သော်
ငါ အသာလေးဆုပ်ခွါလိုက်မှာပါ
ခင်မင်မှုက ဘာအရောင်လဲလို့မေးခဲ့ရင်
သံယောဇဉ်နဲ့ ခင်မင်မှုမှာ
အရောင်တွေမရှိပါဘူး
အဲလိုလေးပဲဖြေပါရစေ
ကိုယ့်ရဲ့ စိတ်ရင်းက
ကိုယ် ခံစားရတဲ့ အရောင်ပဲလေ
လောကကို ဟိုဝေ့ဒီဝိုက်
မလုပ်ပဲ မှန်တချပ်ကို
တည့်တည့် ကြည့်လိုက်ပါ
ငါ့ ကိုအကဲခတ်နေတဲ့ သင့်
မျက်နှာကို သင် သေသေချာချာမြင်ရပါလိမ့်မည်
ဘာမှ အစိုးမရဘူးကွယ်
စိတ်ထဲက ခံစားမှု အလုံးအရင်းတွေ
ဖြေချလိုက်ပါတော့
အချိန်အခါ ကျရင် သက်သာစေမယ်
လက်ထဲက ဆုပ်ကိုင်သမျှ
နဲနဲချင်းစီ
လွှတ်ချလိုက်ပါတော့
သင့်စိတ်လေးပေါ့ပါးလို့နေမယ်
တိမ်ညိုတွေကင်းနေတဲ့အခါ
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ
စိတ်တွေလန်းဆန်းပြီး
သင့်မျက်နှာ ပန်းရောင်သန်းလာလိမ့်မယ်
ပန်းအကြောင်း မိုးအကြောင်း
နှင်းအကြောင်း လေအကြောင်း
သစ်ရွက်တို့ အကြောင်းတွေကို
စိတ်ဝင်စားမှု
များများထားပေးပါ
သင် လောကကြီးကိုချစ်တတ်လာမယ် ။

(ရေးသားခဲ့တာ ကြာပါပြီ
ခုအသစ်မရေးဖြစ်တာကြောင့် အရင်ကရေးခဲ့တာလေးတွေ
ပြန်ရှာပြီးတင်လိုက်မိတာပါ )


 jasmine
 

တွေးတွေးပြီးမှ ရယ်ပါ

23
| Sunday, November 25, 2012
(တော်တော်တုံးတဲ့ဝံပုလွေ)

ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့် တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ゞင်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
 ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေပဲ- အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။
 (ပိုင်ပြီ)

 ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။
ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ်။
 ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ရတယ်ပေါ့နော်။
  


(သတင်းစကား)


ယောကျာင်္းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာင်္း၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
 ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာင်္းကို
တွေ့ရင် ဘာပြောပေးရမလဲ ၊ ပြောလိုက်ပါ။

ကျွန်မအမေ ကျွန်မတို့အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့။
 (မေတ္တာရှင်)

သူငယ်ချင်းနှစ်ယောက် အချစ်အကြောင်းဆွေးနွေး နေကြသည်၊ တစ်ယောက်က ပြောသည်။
"အိမ်ထောင်ကျပြီးသည့်နောက်မှာ လူဟာ သိသိသာသာ ကြီးပြောင်းလဲသွားတတ်ပါကလား၊
ကြည့်လေ လက်မထပ်ခင်တုန်းကဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးမှန်သမျှကို ငါလိုချင်တပ်မက်တဲ့စိတ်
ရှိခဲ့တယ်"
"အခုကော"
"တစ်ယောက်လျော့သွားတယ်"

(မျော်လင့်ချက်)

"ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်၊ ခင်ဗျားမိန်းမ သူများနောက်ပါသွားမယ်နော်၊
သတိထား"
"ကျွန်တော် အဲဒီ မျော်လင့်ချက်နဲ့ နေနေတာ ၅ နှစ်ရှိပြီ"

(ဟန်ဆောင်မှု)
ပီတာကသူညီမလေးကိုပြောသည်။
"မသီတာ၊ တိတ်တိတ်လေးနေစမ်း၊ အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေတယ် ထင်တယ်"
"ကိုကို ဘယ်လိုလုပ်သိလဲ"
"မေမေ က ဖေ့ဖေ့ကို ''ဒါလင်' လို့ခေါ်လိုက်တာ ငါကြားရလို့"
(ပိုရနိုင်တယ်)
"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
 "ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"
 
(ကိုယ့်ကိစ္စကိုယ်ရှင်း)

တယ်လီဖုန်းသံ မြည်လာသည်၊ အိမ်ရှင်ယောက်ျားက
တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟဲလို ၊ ခင်းဗျားရဲ့ ယောက္မကြီး ကျွန်တော်မွေးထားတဲ့ မိကျောင်း ကန်ထဲ ကျသွားတယ်ဗျ"
"မိကျောင်း က ခင်ဗျားမွေးထားတဲ့ မိကျောင်းပဲ၊ ကျုပ်နဲ့ဘာဆိုင်လို့တုံး၊
ကိုယ့်မိကျောင်း ကိုယ်ကယ်ပေါ့ဗျ"
ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက် ဟာသထဲမှ 
တင်ပြီးသားများလဲပါရှိနေသည်.....ပြန်ဖတ်ပြီး ပြန်ရယ်လိုက်ပါရှင်။
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏
jasmine
 

တမ်းတလျက်

23
| Wednesday, November 21, 2012
ချစ်သူ
တွယ်တာခြင်းတွေ ထာဝရ ရစ်ခွေနေတော့
အပြစ်မမြင် နှလုံးသားထဲ
တင်နေတဲ့ ချစ်ကြွေး
ဒီဘ၀ အကြေဆပ်ပါရစေကွယ်
ကျိုးပျက်လု နီးပါးဖြစ်နေတဲ့
ချစ်သူရဲ့ သံယောဇဉ်တွေ
ဘာလုပ်ရ ရင်ကောင်းမှာလဲ
ချစ်ခြင်းတွေကို ပြန်ပေးပါ
တမ်းတခြင်းတွေ ပြန်ပေးပါ
ပြောလို့သာရခဲ့ရင်
ပြန်တောင်းမိပါတယ်
ကမောက်ကမနဲ့ စခဲ့တာမဟုတ်လို့
အတ္တတွေဖယ်ရှား ချစ်ခြင်းတူတွေခံစားခဲ့တာလေ
ယုယမှု့တွေက အဆိပ်တခွက်ဆိုတာ
အသိနောက်ကျနေခဲ့တယ်
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ။

jasmine

အဖြူရောင်နတ်သမီးအတွက် မွေးနေ့ဆုတောင်း

22
| Sunday, November 18, 2012
၁၉-၁၁-၂၀၁၂ တွင်ကျရောက်သော အဖြူရောင်နတ်သမီးအတွက်မွေးနေ့ဆုတောင်းကဗျာနဲ့ကိတ်မုန့်လေးပါ
ဘလော့ မိတ်ဆွေအားလုံးစားသုံးနိုင်ပါတယ်ရှင်
နှင်းမှုန်ဖြူဖြူလေးတွေ
တအိအိ ကျနေတဲ့
နိုဝင်ဘာရဲ့ ရက်တရက်လေးပေါ့
အဲဒီ
နှင်းမှုန်လေးတွေနဲ့ အတူ
အဖြူရောင်နတ်သမီးလေးတပါး
လူ့လောကကို
ဆင်းသက်လို့လာတယ်
ချယ်ရီရွက်နုလေးတွေကလဲ
ပန်းရောင်ပြေပြေလေးတွေနော်
အဖူးလေးတွေက
ပြူတစ် ပြူတစ် နဲ့
ထွက်ချင်နေပြီလေ
ဘ၀ရဲ့ ရိုးစင်းမှုလေးတွေကို
နှစ်သက်တဲ့
နတ်သမီးလေး
ပြုံးပျော်ခြင်းတွေ ဝေမျှတတ်တဲ့
နတ်သမီးလေး
 မာယာ ကင်းတဲ့
နတ်သမီး
မျက်ရည်လွယ်တဲ့
နတ်သမီး
အတု အပ တွေကို
နတ်သမီး မနှစ်သက်ပါ
 ဘာအရောင်မှ
ရောနှောခြင်းမရှိတဲ့
နတ်သမီး
ဒီနေ့ ဒီရက်
ချစ်စရာကောင်းတဲ့
အဖြူရောင်အဆင်းဆောင်
နတ်သမီးလေးရဲ့
မွေးနေ့ မွေးရက်လေးပေါ့
နတ်သမီးလေးတစ်ပါး
မွေးနေ့မှာပျော်ရွှင်ကျန်းမာခြင်းတွေ
ပြည့်ဝပါစေလို့ ဆုတောင်းရင်း    


jasmine 


ရှုံးပွဲ

20
| Friday, November 16, 2012
ထောင်ချောက်တော့ ထောင်ချောက်ပါပဲ
သိသိကြီးတိုးလို့ 
သံသယမျက်လုံးများအားလုံး
အပြစ်တွေပဲပေါ့
လျှော်လှဲ ရောထိုင်မဟုတ်ခဲ့ပါဘူး
ရောထိုင်ချင်လို့
လျှော်လှဲလိုက်ရတာလေ
တကယ်ပါ 
ဒီယုန်ကိုလဲ မမြင်လိုက်ဘူး
ခြုံတော့ထွင်ထားမိတယ်
ဟုတ်ကဲ့
မာယာတွေ တသိန်းနဲ့
ဖြူစင်မှုတွေ ခိုင်းနွားလုပ်
ချစ်ခြင်းရဲ့ ရိုးစင်းတဲ့
အငွေ့ အသက်လေးတွေ
မရှုရှိုက်ရတာကြာနေတဲ့ ဘဝ
မိုက်ပြီးရင်းမိုက်ခဲ့လို့
အနာဂတ်လမ်း
မဲမဲမှောင်
၃၇ မင်းလဲ မကယ်နိုင်
သိသိကြီး လုပ်ရက်ပါပေ့ကွယ်
နိမ့်ချည် မြင့်ချည် မဟုတ်တော့ဘူး
နိမ့်တခါ ကျတလှည့် ဖြစ်နေပြီ
ယိုင်နဲ့နဲ့ ဘ၀ကို
ကံမခိုင်ဘူးရယ်လို့
သံယောဇဉ်နဲ့ ဆ တူ
ထပ်တူညီတဲ့ အကြင်နာတွေ
ပခုံးမှာ ထမ်းထားရတဲ့
ကျွန်တော်
ဘာကောင်လဲ
ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်
ဟောင်းလောင်းပေါက်သိက္ခာတွေကလဲ
သောင်းပြောင်းလို့လဲ ချစ်တတ်ပါရဲ့
ကျွန်တော့်အကြောင်း
မေးမြန်းသူ မရှိ
ဤပွဲ ကို အရှုံးဟုခေါ်၏ ။


(လွန်ခဲ့သောနှစ် အနည်းငယ် ပတ်ဝန်းကျင်မှ အဖြစ်အပျက်လေးတစ်ခု အခြေခံ ရေးသားထားခြင်းပါ)

jasmine

စွန့်

27
| Tuesday, November 13, 2012

ရိုးတိုး ရိတ်တိတ်လေးမျှ 
ခြေသံမပေးပဲ
တိုးတိုး တိတ်တိတ်လေး
သူ ခွဲခွါခဲ့တယ်

အမှတ်တရနဲ့  
သတိရစရာတွေ အပြည့်
ရှောင်တိမ်းခွင့်မရတဲ့
တမ်းတခြင်းတွေလဲ  အမောက်
ညတည ရဲ့ လွမ်းခြင်းတွေ
တေးတပုဒ်လုပ်ပြီးရေးလိုက်ချင်ပါရဲ့
သို့ပေမယ့် ညလဲမပါခဲ့ လလဲ မသာခဲ့ဘူးကွယ်

လွမ်းခြင်းဆိုတဲ့ အထ္ထုပတ္တိ
ဘာတွေနဲ့ ကာရံလုပ်ရမလဲ
တွေးရင်း  တွေးရင်းနဲ့
အနားသတ်ပြီထင်ခဲ့တဲ့ 
သံယောဇဉ်တွေ ရောင်စားခံလိုက်ရတယ်

ခေါက်ရိုးကျိုးနေတဲ့
အမှတ်တရတွေ သတိတရရှိနေရင်းနဲ့
အသဲကွဲနေတဲ့ ရင်ဘတ်တွေ
ခဏဌားပါလား ၀င်ကြည့်ပါရစေ
ကျွန်တော်အတွက် စကားလုံးတွေ
ရှား ရှား လာလို့ပါ 
ဒီလိုနဲ့ သတိရခြင်းတွေလဲ ပါး ပါး လို့လာတယ်
ကျန်းမာရေးအရ ဆိုရင်တော့
အဲဒီ အခြေအနေ ဟာ ကောင်းလာပါပြီတဲ့ 
လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။

(ရေးထားတာကြာခဲ့ပါပြီ ခုမှတင်ဖြစ်တာပါရှင်)

jasmine

လှေကြုံ လိုက်သူများ

22
| Sunday, November 11, 2012
ပတ်ကြားအက်နေတဲ့
သိက္ခာတွေ အင်္ဂတေပြန်ကိုင်ပြီး
အနာဂတ်အတွက်ခြေလှမ်းတွေပြင်
နောက်က မကောင်းဆိုးဝါးတွေ
တကောက်ကောက်လိုက်ပါနေဆဲ
အတ္တတွေသာ ကြီးစိုးတဲ့
ပတ်ဝန်းကျင်မှာ
ဒီမြေကပဲ ကျိန်စာသင့်တာလား
ဘ၀တွေကပဲ ကျိန်စာသင့်နေတာလား
အဖြေမရှိဖြစ်နေတယ်
မအိပ်မနေ ကျိုးစားခဲ့ရတဲ့
ရလဒ်
သုညတွေ တပွေ့တပိုက်ကြီးပေါ့
ဘ၀ရဲ့ ရပ်တည်မှုတွေ
သရုပ်မမှန်ခဲ့ဘူး
အပေါ်ယံမှာတော့
အမြှပ်တွေ တဖွေးဖွေး လှိုင်ထနေလေရဲ့
ခိုးယူလို့ရတဲ့ သိက္ခာတွေ
ဘာမှ တိုးလာမှာ မဟုတ်ဘူး
ခေတ်ကြီးကိုက
မေတ္တာတွေပျက်သုဉ်းပြီး
ဘာမှ မရှိတဲ့ 
အယောင်ဆောင်တွေ
ခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်ပဲလေ
သူငယ်ချင်းရေ
ဒီစနစ်နဲ့ မင်း
ဆန့်ကျင်ဖက်ဖြစ်ပါစေလို့ ။

ရေးထားတာကြာနေတဲ့ကဗျာတွေကများနေပါတယ် ခုလိုအသစ်တွေမရေးဖြစ်တဲ့အချိန်လေးမှာ အဟောင်းတွေ ရှာပြီးတင်ဖြစ်နေမှာပါ မွေးနေ့ဆုတောင်း-ငွေရတု-အမှတ်တရ-လွင်ပြင်လေးအတွက်(သီးသန့်)ရေးတဲ့
ကဗျာသာလျှင် ခုရက်အတွင်းရေးသောကဗျာဖြစ်ပါတယ်ရှင် အဟောင်းဆိုပေမယ့် ဆိုဒ်မှာမတင်ရသေးတော့
အသစ်လို့ပဲ သဘောထားပေးပါလို့ 
ကဗျာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။  


jasmine

ရင်ထဲက ကောင်လေး

24
| Friday, November 9, 2012
အိပ်မက်တွေထဲ မကြာခဏ
ကောင်လေးရေ မင်းရောက်လာတယ်
အတွယ်အတာ တွေ ထာဝရ လို့ရည်စူး
ကောင်လေး အတွက်ပေးခဲ့တယ်
သင့်တော်တဲ့ ဖိနပ်လေးတွေနဲ့
ရှေ့ကလမ်း
ဘာမှ မမြင်ရလဲ
တူတူလျှောက်ကာလှမ်း
ကောင်လေးနဲ့ အတူ
တို့ နှစ်ယောက်ရဲ့ လမ်း
တခြားသူတွေ လာလျှောက်ကြတယ်
အပြစ်ကင်းတဲ့  ကောင်လေး
လူတိုင်းကို နားလည်စွာ ခွင့်လွတ်
စေတနာ တွေ မတွန့်ပဲ
အပြစ်ကင်း အူစင်း
အဲတာ ကျွန်မ ရဲ့ ကောင်လေးပါ

တို့   နှစ်ယောက် သစ္စာတွေယုံ
မေတ္တာတွေ  ပုံ
ခွဲခွါခြင်းဆိုတဲ့  စကားတွေ
တစစီ ဆုတ်ဖြဲ
ကွယ်ရာမှာ လဲ အဟုတ်မကဲတဲ့
ကျွန်မရဲ့ကောင်လေးပေါ့ ။

jasmine

စိတ် ခံစားချက်

21
| Sunday, November 4, 2012
အပြင်းအထန် လိုချင်နေကြတယ်
ကျွန်တော် လဲပေးခဲ့ပါတယ်
သူတို့လိုချင်တဲ့ အရာ
ကျွန်တော် ပေးနိုင်တဲ့ အရာ
အံမ၀င်ဘူးဖြစ်နေတာ

ကျွန်တော် ပေးတဲ့အဖြူရောင်
သံယောဇဉ်များ
သဘောထားကွဲလွှဲခဲ့တယ်
ကျွန်တော် ပေးတဲ့
ရမ္မက်မပါ  အခက်တွေ မဖြာ
အကြင်နာ သက်သက်
ဆန့်ကျင်ဖက် ဖြစ်နေတယ်
ကြမ္မာတွေက ဆင်းရဲပြီး
လိုချင်မှုတွေက
အတင်းကာရော(အဓမ္မ)
ဒီအတွက်
ကျွန်တော့် ကို ခွင့်လွတ်ပေးပါ
သိခဲ့တဲ့ အတိုင်းအတာထဲ
ကန့်လန့်ကာ ချစရာမလိုတော့ဘူး
အမှောင်ထုသာကြီးစိုးခဲ့လို့လေ
သူတို့အလိုများကို
မထောက်ပံ့ မပေးကမ်း
မဖြည့်စီး ပေးနိုင်တဲ့
ကွန်တော်ကို လိမ္မာ ပါးနပ်မှု
မရှိသော မိတ်ဆွေလို့ သဘောထားလိုက်ပါ ။

jasmine

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ

22
| Thursday, November 1, 2012
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု
အတွက်အမှတ်တရ ကဗျာလေးပါရှင် ။


နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။

အချစ်နဲ့ပျိုး
မေတ္တာရည်လောင်း
သစ္စာတွေ ထပ်ပေါင်းတော့
သံယောဇဉ်ဥယျာဉ်လေးထဲ
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။

လွင်ပြင်လှိုင်းငယ်

***********************************************************



တနေ့ကလိုမဟုတ်တော့ပါဘူးကွယ်
ပြောင်းလဲနေတယ် နေ့တိုင်းညတိုင်းပေါ့
စက္ကန့်လေးတွေကစပြီး မိနစ်- နာရီ
ရက်-လ-နှစ်တွေလေ
ဒီလိုနဲ့ အချိန်တွေကုန်
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်နှင်းကာရယ်
ဂရုဏာတွေလဲ ပြည့်
အမုန်းတရားတွေ ကိုမေ့ခဲ့တာ
နှစ်ပေါင်း (၃၀)ကြာခဲ့ပြီလေ
နောင်နှစ်များစွာမှာလဲ
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
 မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သံယောဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။

 jasmine


ကဗျာလာရောက်ဖတ်ကြသောမိတ်ဆွေများအားလုံးလဲ နောင်နှစ်များစွာထိ ချစ်ရသောခင်ရသော
မိသားစု -မိတ်ဆွေ -သူငယ်ချင်းများ  အားလုံးနဲ့တူတူ အမြဲလက်တွဲနိုင်ပါစေလို့ ကျွန်မဆုတောင်းမေတ္တာပို့ပါတယ်ရှင် ။






* ဖတ်ပါ* ပြီးတော့ ပြုံးဖြစ်အောင်ပြုံးပါ

34
| Saturday, October 27, 2012

  Monday, May 16, 2011 နေ့တွင်ဖော်ပြပြီးသားဖြစ်ပါ၍ ဆားချက်ထားပါကြောင်းစာဖတ်သူတို့ကိုအသိပေးအပ်ပါသည်။
 
“၀က်နဲ့ယောက်င်္ကျား ဘာခြားသလဲ”
“အရက်မူးတဲ့အခါ ၀က်ဟာ ဘယ်တော့မှ ယောက်င်္ကျား
တစ်ယောက်အသွင်ပြောင်းမသွားဘူး”
                         --------------------------------------

“ယောက်င်္ကျားဖြစ်သူ ဘယ်မှာရှိလဲဆိုတာ အမြဲတမ်းသိတဲ့မိန်းမဟာ
ဘယ်လိုမိန်းမမျိုးလဲ”
“မုဆိုးမ”
                        ----------------------------------------

“လေယာဉ်ပျံနဲ့ ရထားလက်မှတ်တွေ ဘာဖြစ်လို့
ဈေးတက်ကုန် ရတာလဲ”
             “အသုဘ ချတဲ့စရိတ်ပါ ထည့်ပေါင်းထားလို့”
                         ----------------------------------------


“မိန်းမတွေဟာ ဘာဖြစ်လို့ ယောက်င်္ကျားတွေထက် အသက်ပိုရှည်
ကြတာလဲဟင်”
         “ဆေးသုတ်ထားတဲ့ပစ္စည်းဟာ အမြဲတမ်းပိုခံတယ်လေ”
                         -----------------------------------------

“မင်္ဂလာဦးညမှာ အိပ်ယာခင်းမပေအောင် ဘာလုပ်ရမလဲ”
          ခြေတောက် ကိုကောင်းကောင်းဆေး”
                          ----------------------------------------

“ရေထဲမှာ အရည်မပျော်သွားတဲ့
အရာတွေက ဘာတွေလဲဟင်”
           “ ငါးတွေ”
                          --------------------------------------

“တစ်ယောက်ထဲ ချစ်တာကောင်းလား၊ 
ဒါမှမဟုတ် နှစ်ယောက်(သို့မဟုတ်)နှစ်ယောက်ထက်ပိုပြီး 
ချစ်သူထားသင့်သလား”
         “ဘယ်ကားသမားကိုမေးကြည့် မေးကြည့်၊
အပိုဘီးထားတာ ကောင်းတယ်လို့ဖြေကြမယ်”
                          -------------------------------------

“ကွန်မြူနစ်ခေတ်မှာ ခိုးတာဝှက်တာရှိဦးမှာလား”
“မရှိဘူး၊ ဆိုရှယ်လစ်ခေတ်မှာကတဲက
ခိုးလို့ကုန်ပြီ”
                           --------------------------------------
 
 
ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက်(ဟာသပဒေသာ)
မှ ဖော်ပြပေးခြင်းဖြစ်ပါသည်။
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏။
 
jasmine

ပြန်လည် တူးဆွ ခံစားခြင်း

31
| Monday, October 22, 2012
အသက်တွေအိုမင်းလာတော့
အတောင်အလက်တွေစုံပြီပေါ့
ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့
မနက်ဖြန်ကိုတွေးလို့ကိုမရ
ဒီနေ့ အဖြေဘာလဲ?

လောကရဲ့ ကောင်းခြင်းတွေ
ကောင်းကင်နဲ့ တက်ငြိ
နှလုံးသားကိုထိနေတဲ့
ရုန်းကန်ခြင်းတွေထဲ
လူအများ နစ်ပြီးရင်း နစ်နေခဲ့ပြီ
ပန်းတွေကလဲ သူ့ရာသီနဲ့သူတော့သစ္စာရှိကြပါရဲ့
ပွင့်ချင်တိုင်းလဲ ပွင့်နေပါရဲ့
တက်လမ်းတွေတော့ မဖွင့်ဘူး
ပိတ်ဆို့ဆဲပါကွယ်
စိတ်ကူးတွေ ခရေဖူးလို ကြွေကြ
သုံးလို့လဲမရ အပွင့်မဖြစ်သေးဘူးလေ
ဖဲကြိုးဝါတွေ ဟိုတစ ဒီတစ
ယုဇနပင်တော့ အလှဲထိုးခံလိုက်ရလို့
နလန်မထူနိုင်ပြီ
လုပ်ကြံမှုတွေများပြားလို့
အဟုတ်ခံလိုက်ရတဲ့အဖြစ်တွေ
တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့  တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
 တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
အမှောင်ထဲက ဘ၀တွေ 
မျက်ရည်အရွဲ အလဲလဲ အကွဲကွဲ
မျော်လင့်ခြင်းတွေ
ဖြစ်မလာတော့
ဘာအသီးတွေစားရပါ့မလဲ
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ငါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။

jasmine


ခုတလော ချဉ်ခြင်းတက်ခြင်း

34
| Saturday, October 20, 2012
ခုတလော သတိရခြင်းဆိုတဲ့
ချဉ်ခြင်းတက်မှုတွေများနေတယ်
တောင်ကြီးအိမ်ကိုသတိရတယ်
ပင်စိမ်းသီးထောင်းကိုသတိရတယ်
အိမ်ရှေ့က စိန်ပန်းပြာ ပင်ကိုသတိရတယ်
တောင်ပေါ်ချယ်ရီလမ်းကိုသတိရတယ်
မကြာခဏသွားစားဖြစ်တဲ့
ကောက်ညင်းပေါင်းနဲ့ နှစ်ပြန်ကြော်ကိုလဲ
သတိရတယ် ခလေးဘ၀ကနေခဲ့တဲ့ လမ်းမတော် ၁၃၅ ကိုလဲသတိရတယ်
ရေအေးကွင်း ၀န်ကြီးလမ်းတလျှောက်လုံးသတိရတယ်
သစ်တော ကျောက်တစ်လုံးလမ်းအိမ်ကိုလဲသတိရတယ်
သတိရခြင်းတွေများနေတယ်
နေ့တိုင်း သတိရခြင်းတွေ ချဉ်ခြင်းတတ်နေတယ်
ဒါတွေပဲ ထပ် တလဲလဲ 
ဒီဇင်ဘာညတစ်ည သီချင်းလေးနဲ့ နုတ်ဆက်သွားတဲ့ ကိုခြူး(စောဂျက်ဆင်)ကိုလဲသတိရတယ်
ပူစူး(ဂရေဟမ်)ကိုလဲ တခါတရံ သတိရတယ် ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကဖြစ်ပျက်တွေ
သတိရတယ်  
သတိရနေတာကိုဖွတ်ထားလို့မရ
သိမ်ထားလို့မရ
မိုးကုန်ပြီး ဆောင်းဝင်တော့မယ်
မေမေ တို့ကပြောသား
"အရင်လိုမအေးတော့ပါဘူး သမီးရယ် တောင်တွေကလဲ ကတုံးဖြစ်ကုန်လို့"
ဟုတ်မှာပါ အရင်ကဒီအချိန်ဆိုရင်အေးစပြုနေပြီလေ
ဘ၀ဆိုတဲ့ ၀ဲဂယက်ထဲ ၀င်လာသမျှ အရာ တွေ သိမ်းကျုံးလက်ခံလိုက်တဲ့
လူတွေများများလာတယ်
ယင်ကောင် မလာ စေချင်ရင်တော့ အညှီမရှိအောင်နေရမယ်
မွေးမြူလေးလုပ်ငန်းရှင်တွေ အသားတိုးအောင်လုပ်ကြတယ်
အမှန်တရားတွေရှာရင်းနဲ့ အရိုးရင့်တဲ့သူတွေလဲရှိပါရဲ့
နဲနဲ လာတယ်
လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ် 
 ခြုံထားတဲ့ ခန္တီ ပါရမီက အရင်လိုမထူတော့ အများစုလဲမေတ္တာရေးရာ မလုံခြုံတော့ဘူးလေ
တွေးရင်း ရေးရင်းနဲ့ ပဲပုပ်နဲ့ ပင်စိမ်းထောင်းလေး
ချဉ်ခြင်းတက်လာပြန်ရောကွယ် ။

ဒီနေ့ညတော့ ချစ်သူကောက်ပြီးပေးတဲ့ ခရေလေးတွေနဲ့ 
အဲဒီ ချဉ်ခြင်းတတ်ခြင်းအရာအားလုံးကို မေ့အောင်ကြိုးစားရမယ်။


jasmine


Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine