Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အသည်းကွဲဖူးသည်။

11
| Sunday, July 10, 2011
လမ်းခွဲရတော့မယ်ဆိုရင်
အနည်းနဲ့ အများ လွမ်းရမှာနော်
အချိန်နဲနဲတော့ ကြိုပြောပေးပါ
မကြည့်ရဲလို့
တဲတဲလေးကျန်တဲ့ 
သံယောဇဉ်တွေကို
သိမ်းထားရင်း
ကျောပေးကာနေပါရစေ။

ရက်စက်မှုတွေ
 ချောင်းချောင်းထနေပေမယ့်လည်း
ထားခဲ့ဖူးတဲ့ သံယောဇဉ်တွေ
ဟောင်းသွားပြီ မထင်လိုက်ပါနဲ့။

ဆောင်းတစ်ဝက် မှာ 
မင်းပေးဖူးတဲ့ချယ်ရီတစ်ခက်
အနေမပျက်အောင် ထူးဆန်းစွာ
သိမ်းထားဆဲ
ရင်ထဲမှာအမြဲ။

ဒါပေမယ့်လဲ ယဲ့ယဲ့လေးရှိတဲ့
လက်ကျန်အချစ်ကို အပြစ်မဖို့ပါဘူး
အမုန်းတွေ အင်အားပြင်းစွာနဲ့
မီးပွင့်မတတ် ၀င်ရောက်လာလဲ
ခါးထောက်ပြီး ရပ်နိုင်အောင်တော့
ကြိုးစားရမှာပါ။

အချစ် ကပိုကရိုတွေကို
ယဉ်သကို ထင်ခဲ့တာ မမှားဘူးနော်
လက်ချင်းတွဲဖို့ ပြောခဲ့ဖူးပြီး
အတင်းအဖျင်းတွေကြောက်လို့
ရှောင်ကာပြေးတဲ့မင်းကို
ကွယ်ရာ အရပ်ကလွမ်းနေတာလဲ ငါပါ။

အချစ်ကောင်းကင်ကြီးရေ
ငါ့ဘ၀ကို အမှောင်မပေးပါနဲ့လား၊
တစ်ယောက်ရင်ခုန်သံ
တစ်ယောက်နားထောင်ခဲ့ပြီးမှ
ငါ့မျက်ရည်တွေကို
မင်းသောက်တဲ့ကော်ဖီခါးခါးထဲ
အရသာရှိရှိ မင်းရောထည့်နေတာ
ဘာသဘောလဲကွယ်။

ရင်နင့်စရာကောင်းတဲ့
မင်းစကားတစ်ခွန်းအတွက်
ဘ၀မွာသေဘာၤပ်က္သလုိ
အနေခက်ပြီး မသက်မသာနဲ့
ရက်တစ်ရာမကလဲ
ပြုံးနိုင်ပါသေးတယ်။

အဲဒီလိုနဲ့........
သူ့ဖာသာသူရောက်ပြီး
သူ့ဖာသာသူပျောက်သွားတာကို
ဘယ်လိုမှဖမ်းဆုပ်မရ
လှမ်းကြည့်မိတော့ ဝေးသွားပြီ။

 အဘိဓာန်ထဲမှာရှိတဲ့စကားလုံးတွေသုံးပြီး
မာန်တွေတက်နေခဲ့တာ မဟုတ်ပါဘူး
မင်းအပြုံးလေး တစ်ပြိုက်နှစ်ပြိုက်မှာပဲ
ကတိုက်ကရိုက်ချစ်မိသလိုမျိုးလဲမဟုတ်ပါဘူး
ဒါပေမယ့်
သတိရလိုက်တဲ့အချိန်မှာတော့
ကမ္ဘာ့စီးပွါးရေး အဆောက်အအုံကြီးပြိုကျသွားပြီတဲ့
အော်.......ပရမ်းပတာနဲ့လွင့်စင်ထွက်လာတဲ့ဗုံးဆန်က
ငါ့နှလုံးသားတည့်တည့် လာထိသွားတယ်။

လူအများ ပြောစကားတစ်ခု
ဘုမသိ ဘမသိနဲ့ ပြောရမယ်ဆိုရင်
ငါလည်း အသည်းကွဲ ဖူးပါတယ်လို့။   ။

ဝင်ရောက်ဖတ်ပေးသောစာဖတ်သူများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။
jasmine






















နားလည်ပေးပါ အမိနိုင်ငံ

12
| Thursday, July 7, 2011
 

အခြေနေမပေးလို့ ဝေးခဲ့ရတာပါ
ပညာတွေမတတ်လို့
ထားခဲ့ရတာပါ
မာန်တွေတက်ပြီး
 ထွက်ခဲ့တာလဲ မဟုတ်ပါဘူး....

 စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့
  တိုနှံ့နှံ့ ခဲတံငုံးတိုလေးတွေက ဟောင်းနွမ်းနေတဲ့
 လွယ်အိပ်လေးရဲ့ ဘေးမှ ဟိုတစ ဒီတစနဲ့
   အဖြူရောင်ကိုကျော်လွန်နေတဲ့ ၀ါညစ်ညစ်
အစိမ်းရောင်မှာ တွယ်ကပ်နေတဲ့ အပ်ချည်ကြိုး ချူပ်ရိုးကြောင်းနဲ့
   ကျောင်းတက်ရမှာကို သေမလောက်ကြောက်(ရှက်)တတ်တဲ့
   ညီ ညီမလေးတွေရဲ့ အားကိုးတဲ့ အကြည့်....

  မနက်မိုးလင်းလို့ ဆန်အိုးကိုမကြည့်ရဲတဲ့
  သားသမီးတွေ စောစောထပြီး
   ဗိုက်ဆာလိုက်တာ ဆိုတဲ့အသံကို
    မိုးကြိုးအစင်းတစ်ရာပစ်တဲ့အသံထက်
   ကြောက်ရွံတတ်တဲ့ အမေ......

    စောစောထ သောကတွေနဲ့မျက်နှာသစ်
    နေနေပူပူမှာ ဒုက္ခတွေကို ဦးထုပ်လုပ်ပြီး
     နေညိုချိန်တောင်မှ ချွေးသီးလေးတွေနဲ့
      ကိုယ်လက်သန့်စင်ပြီး အိမ်ပြန်လာရတဲ့ အဖေ.......

                           ဒီလိုအဖြစ်
                         ဒီလိုအပျက်
    ဒီလိုရက်တွေများခဲ့တော့လဲ
     ဒုက္ခတွေကို ကျေားပိုးပြီးတော့
    ထွက်ခဲ့ရပေါ့ မြန်မာပြည်.....

     တန်ဖိုးမထားလို့မဟုတ်ပါဘူး
       ဆန်ဖိုးလေးတောင်ရှာမရခဲ့လို့ပါ
   မမြတ်နိုးလို့လဲမဟုတ်ခဲ့ပါဘူး
     နှစ်ကျပ်ဖိုးနဲ့ မုန့်စားရတဲ့ ခေတ်ကကုန်ခဲ့ပြီလေ
     မခင်တွယ်လို့လဲမဟုတ်ပါဘူး
      မြင်ရတဲ့ဒုက္ခတွေက တစ်ရက်ထဲမှမဟုတ်တာ
                မမေ့ရက်ပါဘူး
      အမိတိုင်းပြည်ကြီးကို
        သို့ပေမဲ့လဲ
ဝမ်းတထွာပေါင်းမြောက်များစွာအတွက်
ပြေးရပေါ့ တပါးတိုင်းပြည်.....
ဘာသာစကားတွေ ကွဲပြား
ခြေထာက်နဲ့ စေညွှန်တတ်တဲ့ လူမျိုးခြားတွေရဲ့
အေးစက်ပြီး ယုံကြည်မှု့မရှိတဲ့ မျက်ဝန်းအကြည့်တွေအောက်မှာ
ဝမ်းတစ်ထွာပေါင်းများစွာရဲ့
အစာအိမ်ကို ကူညီပေးမဲ့ ငွေဆိုတဲ့ အရိပ်ပါနေတော့
ဘယ်လိုများ ဒေါသထွက်ရမှာလဲ
နားထဲကို ဆူဆူပူပူအသံကြားရင်
သူခိုးလား အဖမ်းအဆီလား လားပေါင်းများစွာနဲ့
အိပ်ယာအောက်က အမေ့ကိုပို့မဲ့ ပိုက်ဆံလေးကို  ထုတ်ကြည့်ရင်
အိပ်ရေးပျက်ပေါင်းများခဲ့ပါပြီ
အချိန်တန်လို့ အိပ်ပြန်ကြတဲ့
လေယာဉ်ပျံကြီးကို ငေးကြည့်ရင်း
ဘယ်တော့မှများ
ဒီခရီးကို ထွက်ရပါ့မလဲ အတွေးပေါင်းများစွာ
စိတ်ကူးကမ္ဘာထဲလဲ
သတိယမိတယ် အမိမြန်မာပြည်ရယ်....................


လွင်ပြင်လှိုင်းငယ် မှရေးသားပါသည်။
                                                http://lwinpyinhlaingngenge.blogspot.com/

***အလွမ်းကို အမြစ်ဖြတ်ရန်***

14
| Tuesday, July 5, 2011
အကြင်နာတရားတွေ သေဆုံးခါနီး
သံယောဇဉ်တွေ ဖြူဖပ်ဖြူရော်နဲ့
အသက်ငင်နေလေရဲ့။

ချိနဲ့နဲ့ ဖြစ်နေပြီး အသုံးများခဲ့တဲ့ 
ကိုယ်ခန္ဓာထဲက
 မင်းနှလုံးသား၊ ဆိုးထားတဲ့ဆေးတွေလဲ
အရောင်တွေလဲ လွင့်

  နွေးထွေးတဲ့ လက်တစ်စုံသာ
ပွေ့ဖက်ထားမယ်ဆိုရင်
ဒီဆောင်းလောက်တော့ သနားတယ်နော်။
ဖိနပ်မပါတဲ့ နွေ.....
ထီးမရှိတဲ့ မိုး.....
ကြင်နာသူဝေးတဲ့ ဆောင်း

ခုတော့ဖြင့် စိတ်ကူးတွေက
နှင်းထိထားတဲ့ မြေကြီးလို
စိုထိုင်းထိုင်း.....
ကောင်းကင်ပေါ်ကမိုးသားတွေ
ဆေးခြယ်ထားသကဲ့သို့ ညို့ညို့မှိုင်း
မင်းမုန်းသမျှ ခံခဲ့ရပြီး
ချုံးချုံးကျ သွားတဲ့ ခန္ဓာ
ပြန်မထ နိုင်ဘူး ထင်နေတာလား
ယိုင်ကျသမျှ ထိုင်ထ လုပ်နေသလောက်ပေါ့
လိမ်ညာတတ်သူများ
အမှန်တရား ကိုမသိတာ အဆန်းလား
တရုတ်နိုင်ငံထွက်ပစ္စည်းတွေ
ခပ်ပေါပေါနဲ့ အပျက်မြန်တာ
အော်....ခက်တော့တာပဲ....လို့
မပြောလိုက်ပါနဲ့
သူက အစကတဲက ဈေးပေါတာကိုး
ဒီလောက်တော့ ရှိမှာပေါ့
လူဘ၀လဲ ထိုနည်း၎င်း
အပျက်မမြန်ချင်ရင်တော့
ဈေးမပေါလိုက်နဲ့(ချွင်းချက်)
အရည်အသွေးတော့ ကောင်းဖို့လိုတယ်။

ငါဟာ မိုက်ရူးရဲလိုက်ပုံကတော့
အမှန်တရားကိုများ
လက်နက်လိုကိုင်နေတာ
တကယ်တော့ အထားမှားသလိုနဲ့
စုတ်ဖြဲပစ် လိုက်ရမှာ
အတွေးနဲနဲချော်သွားလို့။

ရင်ဘတ်ထဲက မြေကြီးနုနုမှာ
ဥပေက္ခာ မြက်ပင်အားလုံးကို
ယနေ့မှစ၍ ကျုပင်ခုတ် ကျုငုတ်မကျန်
အမှန်အကန် အသေသတ်တော့မည်။    ။

စာဖတ်သူများအား
အစဉ်လေးစားလျှက် jasmine







ဒါလေးဖတ်ပြီး အသက်ရှည်ပါ..... (ဟာသ) ၂

25
| Sunday, July 3, 2011
၁  ပြောင်းတော့မှာလား
                         "ကိုင်း၊ ဒီတစ်ခါ နောက်ဆုံးအကြိမ် မေးမယ်၊ ခင်ဗျား ဘာဖြစ်လို့
                         ရုံးတက်နောက်ကျရတာလဲ"
                                         "ဘာလဲ၊ ဆရာ အလုပ်ပြောင်းတော့မလို့လားဟင်"

၂  နှမြောလို့
           အလုပ်ကြပ်က မီးထိုးသမားကို ပြောသည်။
                         "ဘာဖြစ်လို့ အရက်သောက်တာလဲ"
                         "ကျွန်တော် မသောက်ပါဘူး၊ အရက်ကို ငုံထားရင် သွားကိုက် သက်သာတယ်၊
                         ဒါကြောင့် သွားကိုက်တိုင်း ကျွန်တော် ဗေါ့ဒ်ကာကို ငုံတယ်၊ ခဏလောက် ပါးစပ်ထဲ ငုံထားပြီး
                         နောက် မျိုချလိုက်တာပါပဲ"
                         "ထွေးပစ်လိုက်ပါလား"
                                         "ဟာ၊ ဗေါ့ဒ်ကာဈေးက ကြီးပါဘိသနဲ့၊ နှမြောစရာကြီး"

၃  အားကိုးအားထား
                       "အုပ်ချုပ်ရေးမှူးခင်ဗျား၊ အိမ်ကိုသန့်ရှင်းရေးလုပ်မှာမို့လို့ သူ့ကို ကူပါလို့
                        မိန်းမက တောင်းပန်တာကြောင့် မနက်ဖြန် ကျွန်တော် ခွင့်တစ်ရက်လောက် သူပါရစေ"
                       "ဒီလို အကြောင်းပြချက်မျိုးနဲ့ ခင်ဗျားကို ကျွန်တော် ခွင့်မပေးနိုင်ဘူးဗျာ"
                       "ကျေးဇူးတင်လိုက်တာခင်ဗျာ၊ ဆရာ့ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော် အစကတည်းက သိပြီးသား"

၎  လက်ပါမှာစိုးလို့(အာဂျင်တီးနားဟာသ)
                       ရုပ်မြင်သံကြား အစီအစဉ် ကြေညာသူက ပြောသည်။
                      "ချစ်လှစွာသော ရုပ်မြင်သံကြား ပရိသတ် များ ရှင်၊ ပထမဆုံး သက်တောင့်သက်သာ နေရာယူကြဖို့
                       မေတ္တာရပ်ခံပါတယ်၊ ပြီးတော့ ရုပ်မြင်သံကြားစက်ကို တစ်ခုခုနဲ့ မပစ်ပေါက်မိအောင်
                      ကိုယ့်အနားမှာ ရှိတဲ့ လေးလံတဲ့ပစ္စည်းများကို ခပ်ဝေးဝေးမှာ ရွှေ့ထားလိုက်စေချင်ပါတယ်၊
                      အခုချိန်ကစပြီး အခွန်တိုးကောက်မယ့် ကိစ္စနဲ့ပတ်သက်ပြီးဘဏ္ဌာရေးဝန်ကြီးက ရှင်းလင်း
                      တင်ပြပါတော့မယ်ရှင်"

၅  သူများဝန်ကို ဆက်ထမ်းနေရတယ်
                      သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ယောင်္ကျားတစ်ယောက် ကိုယိုတေသည်၊ နှုတ်မှလဲ ပြောသည်။
                     "သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"
                      ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။
                     "ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"
                                         "ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"

၆  သတင်းသုံးခု
                    ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
                   "ခင်ဗျားကို သတင်းသုံးခု ပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့သတင်း၊ နောက်တစ်ခုက
                    ကောင်းတဲ့သတင်း၊ အဲ နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက
                   စပြောမယ်၊ မဖြတ်ရမယ့် ခင်ဗျားခြေတောက်ကို ကျွန်တော်တို့ မှာဖြတ်မိတယ်၊
                   ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့်ခြေတောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်၊ အဲ
                  အကောင်းဆုံးသတင်းကတော့ ဘေးအခန်းကလူနာက ခင်ဗျားရဲ့ ရှူးဖိနပ်ကို သူဝယ်မယ်တဲ့"

၇  ထိတော့ထိတယ်
                  ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီးဦးဖြိုး နှစ်လဲုးပြူးဖြင့် ပစ်ချလိုက်သည်၊
                 ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
                " ဟော့ကောင် သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့ အကောင် ဘာကောင်လဲဆိုတာ"
                                   "သူရဲ့ မှတ်ပုံတင်အရ သူနာမည် မောင်မြလို့ခေါ်တယ်"

၈  လူသတ်သမား
                 တရားသူကြီးက တရားခံကို မေးသည်။
                "စားလိုက်တဲ့ မှိုဟင်းက အဆိပ်ဖြစ်ပြီး ခင်ဗျားရဲ့ ပထမဇနီး သေသွားတယ်၊
                 ဒုတိယဇနီးလဲ မှိုအဆိပ်တက်ပြီး သေသွားတယ်၊ ဒါပေမယ့် အခု တတိယဇနီးကျတော့
                 ခေါင်းက ဒဏ်ရာနဲ့ သေတယ်။ ဘာကြောင့်လဲ"
                                 "မှိုဟင်းကို မစားချင်လို့"

၉  တောင်းပန်တယ်
              အရောင်းစာရေးက ကုမဏီပိုင်ရှင်ကို ပြောသည်။
                 "လူကြီးမင်း ကျွန်တော်ရဲ့ လစာကို တိုးမပေးရင် ကျွန်တော့ကို မပေါင်းနိုင်တော့ဘူးလို့
                 မိန်းမက ခြိမ်းခြောက်တယ်ခင်ဗျ၊ အဲတာ ကျွန်တော့်ကို လစာတိုးမပေးပါနဲ့ခင်ဗျာ"

၁၀  အရက်နံ့
               "ခင်ဗျားတို့ဆိုင်ရဲ့ စပယ်ရှယ် ၀က်နံရိုးကင်က ဘာဖြစ်လို့ အရက်နံ့ ရနေတာလဲ"
                    စာပွဲထိုးက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဧည့်သည်ကို မေးသည်။
                             "အခုကော အနံ့ရသေးလားခင်ဗျ"

ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏။     ။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
(ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက် ဟာသပဒေသာမှ)
စံပယ်ချို

အချစ်အတုနဲ့ ပြုစားခံရသူ

9
| Friday, July 1, 2011
                   
လက်တွေက ရေးတဲ့စာ
ဒီစာက လူတစ်ယောက်ဘ၀ပျက် နိုင်သတဲ့
နှလုံးသား တခု အသုံးပြု ချစ်ခဲ့ဖူးတာ
ဒီအချစ် ဘ၀ပျက် နိုင်သတဲ့။
         
သူငယ်ချင်း မင်းသမိုင်း မင်းရေး
မင်းဖြူရင် သမိုင်းဖြူ
မင်းမဲရင် သမိုင်းမဲ
မင်းညစ်ရင် သမိုင်းညစ်
မင်းပြုသမျှ မမျှမတ
ခဲဖျက်သုံးမရ
လက်သဲ ဖျက်ဆေးလဲဆုံးရ။
         
သံယောဇဉ် နတ္တိ
နှလုံးသား မရှိ
အလိမ်အညာ  ဗရပွနဲ့
ရင်ဘတ်က အဖါတစ်ရာ။
         
ခေတ်ပေါ်စကားလုံးတွေသုံးပြီး
စစ်မှန်တဲ့ဟန်မရှိတဲ့
အချစ်တွေကို ကစားစရာလို
အပြင်းပြေဆော့ကစား
ပြီးရင်တော့ ထားခဲ့။
         
လိမ်ညာခြင်းကို မိတ်ဆွေဖွဲ့
အပွဲပွဲဝင်နွဲ 
ဘယ်သူ့မျက်နှာမှမထောက်
မရောက်ဖူးတဲ့ ရင်ခွင်မရှိ။
         
အေးစက်လွန်းတဲ့ မင်းနှလုံးသား
သံယောဇဉ်ချစ်ခြင်း ဆိုတာ တကယ်မရှိဘူးတဲ့
မျက်နှာပေါ်ကပါးစပ်
ပါးစပ်ထဲကစကား
စကားထဲကအမှား
မင်းဘ၀နိဂုံး
မီးခီုးလုံးပဲ ကျန်မှာပါ။
         
သံယောဇဉ် ကျဲကျဲ
မင်းအသည်းကမည်းမည်း
လူတိုင်းကိုပြုစား
နှလုံးသားတွေဖြန့်ကား
ဘာလက်နက်မှဆောင်မထားတဲ့
အဖြူရောင်လူသား
အမှားလဲမကျူးလွန်
ထားခဲ့တဲ့ မေတ္တာ
သစ္စာတွေအပြည့်။

အဲဒီလိုနဲ့ ပဲ
မင်းအကြောင်းများစွာ
ပြောပြချင်သေးတယ်
ဒါပေမယ့်
ကွဲအက်နေတဲ့ဂီတာအိုးလို
ဘာသံတွေလဲ။

ငါလွမ်းတဲ့အကြောင်း
ငါမပြောဘူး
မင်းဘယ်လောက်ချစ်လဲ
ငါဘယ်လောက်ချစ်လဲ
နှလုံးသား က
ဂန္ထ၀င်မြောက်တဲ့ သံစဉ်တွေပျောက်လဲ
ရင်ဘတ်ထဲက ကမ္ဗည်းထိုးထာတဲ့
အမည်နာမ ခေါ်စရာက
အတုအယောင်သမား။

မပိုင်ဆိုင်တဲ့ ဘ၀တွေကို
အပြိုင်ဘာမှမလုပ်ဘူးနော်
ဖြူစင်စွာဝေးပြီး
တွေးနေတာက မင်းပေးခဲ့ဖူးတဲ့
စံပယ်ပွင့်တွေ အကြောင်း။

စာသားကြမ်းကြမ်းများနဲ့နူးညံ့မှု
မရှိသောကျွန်မ၏ကဗျာများကိုအစဉ်အားပေးသော
စာဖတ်သူများအားလုံးကိုလေးစားလျှက်ပါရှင်။
စံပယ်ချို





ချစ်ခဲ့ဖူးသူအတွက် ဈာပနတစ်ခု ကျင်းပခြင်း

15
| Monday, June 27, 2011
လျှောက်ခဲ့ဖူးတဲ့ ဖုန်ထူထူလမ်း
စမ်းတ၀ါးနဲ့
သံယောဇဉ်တွေ ကျပျောက်ခဲ့ရပြီ။

တင့်တောင်းတင့်တယ် ရှိမယ်ထင်ခဲ့တဲ့
မင်းအကြောင်းလဲ
ခုတော့ မကောင်းသတင်း ဖြစ်ရပြီ။

ထားခဲ့ဖူးတဲ့ သစ္စာတရားဟာ
သီလ ပျက်နေတဲ့ လူတစ်ယောက်အလား၊
ပေးခဲ့တဲ့ သောက အထွေထွေကို
နှလုံးသားမှာ တယုတရ ပိုက်ထွေးပြီး
တန်ဖိုးထားခဲ့တာ မှားလား။

လမ်းပျောက်တဲ့ လူတစ်ယောက်လို
(ယောင်တောင်တောင်) နဲ့ အမှောင်ကမ္ဘာက
ငါ မထွက်နိုင်။

မင်းလေးကို ဂရုဏာ တရား
ထားပါများတော့ အသိုင်းမ၀ိုင်းတွေ
အပြစ်မြင် အချစ်ပင်ကလဲ
နာကျင်ခံစားမှုတွေ မြေသြဇာမပါပဲ 
ဖူးပွင့်ဝေဆာ
မသေချာတဲ့ အနာဂတ်လမ်း
ငါ့ဘ၀ ခဏခဏ လှဲကျ
မဲမရလို့ အရှုံးကြီးရှုံး
မင်းပေးတဲ့ အမုန်း။

ရင်ခုန်သံတွေ နားထောင်ခဲ့ဖူးတဲ့
တိတ်ဆိတ်တဲ့ ည
အချစ်တွေ ပြိုင်ခဲ့ဖူးတဲ့
ကြယ်ရောင်မဲ့တဲ့ ည
ပရိသတ် မရှိ
ဒိုင် မရှိ
သိခဲ့တာ နောက်ဆုံး
အပြုံး မရှိတဲ့ အမုန်း။

တိရစ္ဆာန် နဲ့တူတဲ့လူ
မဖြစ်ချင်ဘူး၊ ရင်ဘတ်တံခါးပိတ်
အိပ်ချင်ယောင်ဆောင်တဲ့မင်း
အိပ်မက်တွေထဲ ငါမပါတာသိပေမယ့်လဲခေါင်းငိုက်စိုက်ချ 
ပြလို့မရတဲ့ ဖြူစင်မှုတွေ
ယိုင်နဲ့စွာ ဘွာခတ်ပါရစေ။

ဝံပုလွေရဲ့ နှလုံးသား
တရားဟော မရ
ကျောသပ်ရင်သပ် ကျေနပ်ခဲ့ရ
ဒီဘ၀ကို ကြောခိုင်းချင်လို့
မင်းဆိုးသမျှ အတိုးလဲ မယူပါ။

နှောင်ကြိုးတွေ ရစ်ပတ်ပြီး
အမှောင် မတိုးချင်လို့
ဘယ်သူဆိုး ဘယ်သူကောင်း
အကြောင်းတရားတွေနဲ့ 
အမှားမကင်းသူပဲ ရယ်လို့ ရင်မှာဆွေးပေမယ့်
ဖြေကာတွေးပြီး၊ တွေဝေကာ
ငှေးမနေတော့ပါဘူး။

သံယောဇဉ်လက်ကျန် တရားတွေနဲ့
ဆေးကုပေးတာလဲ 
မင်းနှလုံးသား
ကျန်းမာရေး ကောင်းမလာဘူး။
အကောင်းဆုံး မင်းလေးအတွက်
မရှိတဲ့ သစ္စာတရား ကို
ဖက်နဲ့ထုတ်ပြီး 
မြေမြုပ်လိုက်တော့ ပြောပါရစေ။   ။

ကျွန်မ၏ နူးညံ့မှု မရှိသော ကဗျာများကို
အစဉ်အားပေးတဲ့ သူငယ်ချင်းအားလုံးကို
လေးစားလျှက်ပါရှင်။

စံပယ်ချို

ဒါလေးဖတ်ပြီး အသက်ရှည်ပါ..... (ဟာသ)

7
| Friday, June 24, 2011
ဘယ်သူလာလို့ ထွေးပါ့မယ်
   မနက်စောစောတွင် နှိုးစက်နာရီ မြည်လာသည်၊ ယောက်င်္ကျားဖြစ်သူသည်
 အိပ်ရာမှ မထချင် ထချင်နှင့် ထကာ အမဲလိုက်ထွက်ရန် ပြင်သည်၊ မိန်းမက ၄င်းအား 
မသွားရန် ပြောသည်။
                    "ဒီလောက်အစောကြီး ရှင် ဘာဖြစ်လို့သွားမှာလဲ၊ လမ်းမှာ ပိန်းပိတ်အောင်
   မှောင်နေတုန်း၊ ချမ်းကလည်းချမ်းပါဘိသနဲ့၊ လေကလည်းတိုက်နေသေးတယ်၊
မသွားပါနဲ့ရှင်"
              မိန်းမက မည်သို့ပင် တားသော်လည်း ယောက်င်္ကျားဖြစ်သူ နားမထောင်ဘဲ
လမ်းပြင်ထွက်သည်၊ မိမိအားဝင်ခေါ်မည့် မိတ်ဆွေ များကိုစောင့်သည်၊ တစ်နာရီကြာသွားသည်၊
မည်သူမှ ပေါ်မလာချေ၊ ခိုက်ခိုက်တုန် ချမ်းလာသည်နှင့် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်၊
အိမ်ထဲဝင်ပြီး အ၀တ်အစားများကို ချွတ်လိုက်သည်၊ ထို့နောက် မိန်းမအနားကပ်ပြီး
စောင်အောက်ကို လျှိုဝင်လိုက်သည်၊ ပါးစပ်မှ လည်းပြောသည်။
                   "အောင်မယ်လေးလေး၊ ချမ်းလိုက်တာ"
      မိန်းမက သဘောတူသံဖြင့် ပြောသည်။
                   "ဟုတ်ပါ့၊ ဒီကြားထဲ အိမ်က ဘဲနာကြီး အမဲလိုက် ဆိုပြီး ထွက်သွားလေရဲ့"
-------------------------------------------------------------------------------------
အခြေအနေ ပြောင်းသွားလို့
                   "ခင်ဗျား ဆင်တွေကို လိုက်ဖမ်းနေတာ ကြာပြီလား"
                  "မကြာသေးပါဘူး၊ ဒီကိုလာတုန်းက ဌက်တွေကို ဖမ်းဖို့ လာတာပဲ၊
ဒါပေမယ့် မျက်မှန် ကျပျောက်သွားတယ်"
--------------------------------------------------------------------------------------
အဖေကို အားမကိုးနဲ့
            အဖေဖြစ်သူ နယ်သို့ ခရီးထွက်နေသည်၊ အမေဖြစ်သူ ညဉ့်နက်မှ ရုံးကပြန်ရောက်လာသည်၊
တစ်ကိုယ်လုံး အ၀တ်အစား သစ်သစ်လွင်လွင်နှင့် ဖြစ်သည်၊ ကလေးများက ၀မ်းသာအားရ
ဆီးကြို ပြောကြသည်။
                   "မေမေ ဒီနေ့ တယ်လှပါလား၊ ဂါဝန်အကောင်းစား၊ နားကပ်အပျံစား၊
   ဘာလဲ၊ ဖေဖေ၀ယ်ပေးတာလားဟင်"
              ကိုယ်လုံးပေါ် မှန်ရှေ့တွင် မိမိကိုယ်ကို အရသာခံ ကြည့်နေရင်း အမေက ပြန်ပြောသည်။
                   "မင်းတို့အဖေ ၀ယ်ပေးတယ် ဟုတ်လား၊ အဟင်းဟင်း ၊ အဖေကိုအားကိုးရင်
        မင်းတို့တောင် လူ့ပြည်ထဲ ရောက်မလာဘူး"
--------------------------------------------------------------------------------------
နိုင်တဲ့လူ ယူကြေး
                  နယူးယောက်မြို့၏ လမ်းထောင့်တစ်နေရာတွင် ညဉ့်နက်အချိန်၌ လုယက်သူ
   နှစ်ဦးက လမ်းလျှောက်လာသူ တစ်ဦးအား ရပ်ခိုင်းပြီး ပြောသည်။
                     "ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဆယ်ပြားစေ့(ဆင့်) တစ်ခုပေးပါ၊
     ဒါမှမဟုတ်ရင် ကျွန်တော်တို့ မလွှဲမရှောင်သာ"
                    "ရပါတယ်၊ ရပါတယ်၊ ရော့ယူပါ၊ ဒါနဲ့ မောင်ရင်တို့ ဆယ်ပြားစေ့ တောင်းတာလဲဟင်
    စိတ်ဝင်စား စရာမို့ မေးမိတာပါ"
                   "ဒီလိုပါ၊ ဒီဆယ်ပြားစေ့နဲ့ ကျွန်တော်တို့ မြောက်ပန်းလှန်မယ်၊ နိုင်တဲ့လူက
ခင်ဗျားကြီးရဲ့ ပိုက်ဆံအိတ်ကို ရမယ်၊ ကျန်တဲ့လူက ကျန်တာတွေယူမယ်လေ"
---------------------------------------------------------------------------------------
အညံ့မခံဘူး
                 အမေရိကန်တို့ လကမ္ဘာပေါ် ဆင်းသက်နိုင်ကြောင်း သတင်းကို ကြားရသောအခါ
  ဆိုဗီယက်ခေါင်းဆောင် ဘရက်ဇညက် က ဆိုဗီယက် အာကာသယာဉ်မှူးများကို
   ခေါ်ပြောသည်။
                    "အမေရိကန်တွေ လကမ္ဘာပေါ် ရောက်သွားပြီ၊ သူတို့ကို ကျောနိုင်ရအောင်
   အခု ရဲဘော်တို့ကို နေကမ္ဘာဆီ လွှတ်တင်ဖို့ အဆင်သင့်ပါ၊ ပါတီက ဆုံးဖြတ်လိုက်ပါပြီ။
                   "ကျွန်တော်တို့ ပေးတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ အဆင်သင့်ပါ၊
   ဒါပေမယ့် နေပေါ်ရောက်ရင် ကျွန်တော်တို့အားလုံး အပူလောင်ပြီး သေကုန်မှာပေါ့"
                  "ဘာလဲ ကျုပ်တို့ခေါင်းဆောင်တွေကို လူညံ့တွေ ထင်လို့လား၊
    ညအချိန်မှာ လွှတ်မှာပေါ့"
-----------------------------------------------------------------------------------------
ဖွင့်ဆိုချက်
                     "အရင်းရှင်စနစ်ဆိုတာ ဘာလဲ"
                     "ချမ်းသာမှုကို မမျှမတ ခွဲဝေပေးခြင်း"
                     "ဆိုရှယ်လစ်စနစ်ဆိုတာ ဘာလဲ"
                     "ဆင်းရဲမှုကို မမျှမတ ခွဲဝေပေးခြင်း"
--------------------------------------------------------------------------------------
ကျော်မလုပ်နဲ့
                   အီတလီလုပ်ငန်းရှင်သည် မိမိ၏ လက်အောက်ဝန်ထမ်းကို ခေါ်ကာမေးသည်။
                  "ခင်ဗျား အလုပ်ခွင်ကိုအလာ မနက်တိုင်း ဘုရားရှိခိုးကျောင်းထဲဝင်ပြီး
  ခင်ဗျားရဲ့ လစာကို ကျုပ်တိုးပေးဖို့အတွက် ဘုရားရှေ့မှာ ဆုတောင်းတယ်တိုတာ
  အမှန်ပဲလား"
                 "မှန်ပါတယ် ခင်ဗျား"
                 "အဲတာဆို ခင်ဗျားမှတ်ထားပါ၊ ကျုပ်ကိုကျော်ပြီး အထက်အဖွဲ့အစည်းဆီ 
   ချဉ်းကပ်တာမျိုး ကျုပ်အင်မတန် မုန်းတယ်"
----------------------------------------------------------------------------------------
ခြေတောက်မည်းမည်း
                  "အမည်းရောင် ခြေတောက်တစ်ချောင်းဆိုတာ ဘာလဲ"
                  "မသိဘူး"
                  "ခြေတစ်ဖက် ကျိုးနေတဲ့ နီးဂရိုး၊ ခြေတောက်မည်းမည်း
                   နှစ်ချောင်းဆိုရင်ကော"
                  "ခြေနှစ်ဖက်စလုံးရှိတဲ့  နီးဂရိုးဖြစ်မှာပေါ့"
                  "မဟုတ်ဘူး၊ ခြေတစ်ဖက်စီကျိုးနေတဲ့ နီဂရိုးနှစ်ယောက်၊ ကိုင်း ခြေတောက်
                   မည်းမည်းသုံးချောင်းဆိုရင်ကော"
                  အမေးခံရသူ သဘောပေါက်စ ပြုလာသည်။
                 "ခြေကျိုး နေတဲ့ နီးဂရိုးသုံးယောက်"
                 "မဟုတ်ဘူး၊ အဲတာ စန္ဒရား"
---------------------------------------------------------------------------------------

ရယ်သောသူသည်အသက် ရှည်ပြီး နုပျို၏။
ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက် ဟာသပဒေသာမှ
ဝင်ရောက်ဖတ်ပေးနေသော သူငယ်ချင်း အားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။    ။
စံပယ်ချို

တခါက ချစ်သူသို့

10
| Wednesday, June 22, 2011
ပလီပလာ စကားတွေနဲ့
တီတီ တာတာပြောပြီး
မင်းလေး ငါ့ဆီလာခဲ့တယ်။

မရေရာတဲ့လမ်း
စမ်းတ၀ါး
မလျှောက်ချင်ဘူး
မောင့်လက်ကိုတွဲ
မောင့်ပခုံးမှာခိုခဲ့ရလို့
မျက်ရည်တွေလဲစိုစရာမလိုတော့ပါဘူးတဲ့
                                    ဟန်ဆောင်မှုအရေခွံခွါချ
တခါက.........မောင်ရေဆိုတဲ့အသံ။

အကြောင်းမဆုံလို့
မပေါင်းဖက်ရတာပဲလို့
ယူဆပေးပါလားတဲ့
မင်းပြောစကား
နားကြားလွှဲသလား
အရာအာလုံး သူစိမ်းပြင်ပြင်။

မင်းအတွက်ငါ
စည်းအပြင်ရောက်
ကမောက်ကမ
ငါ့ဘ၀ကို
မြင်လှဲ့ ပါလို့ မပြောခဲ့ဘူး။

ရိုးသားစွာ မွေးဖွားခဲ့တဲ့
အပျံသင်စငှက်ရဲ့ သမိုင်း
ကောင်းချီးမင်္ဂလာ ဘာမှမရှိတော့
ရင်ဝကို မြားမှန်
ဒဏ်ရာရ နှလုံးသား
မင်းလေးပေါ် အမုန်းတရားတော့ မထားဘူး။

ပြီးဆုံးသွားပြီလား
ပုံပြင်လို့သတ်မှတ်
တစ်ထောင်တစ်ညနဲ့ပေါင်း
ရင်ဘတ် ဟောင်းလောင်း
မင်းအကြောင်းပဲ တမ်းတ
ဒါပေမဲ့ မှန်းဆ မရ။

အော်....ချစ်ရသူရေ
အေးစက် တောင့်တင်းနေတဲ့
ငါ့သံယောဇဉ်တွေ
နှလုံးသား တံခါးပိတ်
တိတ်တိတ်လေးပဲ
နေပါရစေတော့။

သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်ကိုဖွင့်ဆိုပါသည်။(ယောက်င်္ကျားလေးဖက်မှ ရေးသားထားခြင်း)
ဝင်ရောက်ဖတ်ပေးသော စာဖတ်သူအားလုံးကိုအစဉ်လေးစားလျှက်
စံပယ်ချို...............



ဟောင်းလောင်းဖြစ်သွားတဲ့ နှလုံးသား

8
| Tuesday, June 21, 2011
ကောင်လေးရေ.....
မင်းကိုချစ်မိလို့ မှားများသွားပြီလား
ပေးခဲ့တဲ့ အရာတွေ အတိုင်းအတာ တူတူပြန်ရခဲ့လား
ချစ်ခြင်းတွေကိုထုထည် နဲ့တွက်မလို့လား
မင်းမှားမယ်နော်။           
...................ထွက်သွားမှာလား
တားပါရစေ....ချန်ထားမှာလား
ကျန်ရစ်သူလဲ မဖြစ်ချင်လို့ပါ။
..................ရင်ဘတ်ထဲက နှလုံးသားမြေကြီး
အလွမ်းဆိုတဲ့ ပန်းတွေ မစိုက်ချင်ဘူး။
ကံကြမ္မာ အပြောင်းအလဲ အကောင်းတွေပဲ
တွေးပါရစေ .......
ကိုယ့်နှလုံးသားကို ကြိုး ၆ ကြိုး
ကိုယ့်ဖာသာကိုတပ် ရင်ဘတ်ထဲကသံစဉ်တွေ
ကောင်လေးကြားရလား......
သံယောဇဉ်ဆိုတဲ့ အသံ တွေ
ဂန္တ၀င်မမြောက်ခဲ့ဘူး
ကြိုးတပ်ထားတဲ့ နှလုံးသား ကျဉ်းကျဉ်းလေးထဲကနေပြီး
မကုန်နိုင်တဲ့ အကြင်နာ တရားတွေက
ကောင်လေးရှိတဲ့ အရပ်ကိုပဲ
ပြူတစ် ပြူတစ်နဲ့ ကြည့်နေလေရဲ့
အတုတွေ ပေါနေတယ်ကောင်လေးရေ
...................မောင့်အချစ်တွေ စစ်မှန်လို့
ခြေစုံပစ်ပြီး ယုံပေးပါ တဲ့......................
အဲဒီစကား မကြာသေးဘူး ပြောခဲ့ဖူးတာ
အလိမ်အညာတွေ အပြိုင်အဆိုင်ပေါ်နေပါလား
ဒီနေ့တော့ အဖြစ်အပျက် ရုတ်တရက်မို့
ကြွေကွဲခြင်းတွေ အညာနွေက
သစ်ခြောက်ပင်လို အရိုးပြိုင်းပြိုင်းတွေက
ရင်ဘတ်ထဲကို ယိုင်ထိုးပြီးဝင်လာနေပြီ..........
အဲတာ ဘာတွေဖြစ်ကုန်တာလဲ ကောင်လေးရေ
ခုတော့ လမ်းကျဉ်းကျဉ်းလေးထဲ
ခြေလမ်းတွေ မခိုင်တော့
ယိုင်နဲ့နဲ့ လမ်းလျှေက်နေတာ
တစ်ယောက်ထဲပါ............ကောင်လေးရေ....
ဆောင်းတစ်ဝက်...နွေတစ်ဝက်..
အဲတာ ကောင်းလေး နှလုံးသားလား။

ဒီနှစ်မိုးက အရင်ထက် သာနေသတဲ့
အလင်းဖျော့ဖျော့ တောင်မပေးနိုင်ဘူး
နေ့စဉ်ရက်ဆက် တချူံးချူံး နဲ့ အဆက်မပြတ်
တောင်ကျရေတွေကလဲ တဝေါဝေါ စီးဆင်းနေလေရဲ့
အဲတာတွေက ကောင်လေးကိုချစ်မိတဲ့
ငါ့ အလွမ်းတွေပဲပေါ့......
အဖြူရောင် ဆောင်းရက်များ
အမြန်ရောက်ပါစေတော့....
ရင်ဘတ်ထဲ သံယောဇဉ် အမြစ်များ
ကျူပင်ခုတ် ကျူငုတ်မကျန် ကောင်လေးက
ခုတ်ထွင်ရှင်းလင်းပေးတာ ကျေးဇူးပါပဲကောင်လေးရေ။  ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အစဉ်သဖြင့်လေးစားလျှက်ပါရှင်။
jasmine







***အခုသူမရှိတော့ပါ*** (ကိုခြူးသို့) ။ ကိုယ်တိုင်ရေး ရင်တွင်းစာ ။

7
| Monday, June 20, 2011


လွန်ခဲ့တဲ့နှစ်များစွာက သိပ်ကိုအေးစက်နေတဲ့ ကျွန်မတို့နေတဲ့ တိုက် ၆ လုံး ရဲ့ ဆောင်းညလေးတွေပေါ့............
သူ့လက်ချောင်းတွေများဆို အေးခဲလွန်းလို့ ကွေးလို့တောင်မရနိုင်လောက်အောင်  ဖြစ်နေရပါတယ်..ဒါပေမဲ့...တီးနေကျ
 
ဂီတာ ကိုတော့ကျွမ်းကျင်ပိုင်နိုင်စွာ သူတီးခပ်နိုင်ပါတယ်....တိုက်ရှေ့မှာ လူကြီးတွေလုပ်ထားပေးတဲ့(မြို့ပြင်ကယူထားတဲ့ထင်းရှုးတုံးကြီး)
မီးဖိုရှိလို့ တော်သေးတာပေါ့...တိုက်နားပတ်ဝန်းကျင်က သူငယ်ချင်းအားလုံး မီးဖိုဘေးမှာ....
နှင်းတွေဖုံးလွှမ်းနေတဲ့ ၀န်းကျင်...လမ်းမီးတွေက ၀ိုးတ၀ါး... စည်းချက်ကျကျမြည်အောင် တီးနေတဲ့ သူရဲ့ ဂီတသံဟာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတယ် (တချို့ရက်တွေ ပူစူးလဲပါတယ်).....
သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်းတွေ
သူတို့မိသားစုအားလုံးမှာတွေ့ရတတ်တယ်....တခါတလေ .....သူရဲ့အကြည့်တွေဟာ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်စိမ့်ဝင်ပြီး  နွေးထွေးသွားစေခဲ့ပါတယ်..သူရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ဆိုတာဟာ
စကားတွေအများကြီးပြောစရာမလိုပဲ
စိတ်ရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်လုံးများကနေတစ်ဆင့် ကြည့်ရှုတွေ့မြင်နိုင်ကြပါတယ်...ကျွန်မသိခဲ့ရတယ်...ဒါပေမဲ့ မဖြစ်နိုင်တဲ့ ကိစ္စ
တစ်ခုလိုပဲ စိတ်ထဲထားလိုက်ပါတယ်...မိတ်ဆွေ သူငယ်ချင်းများအပေါ် သနားကြင်နာတတ်ခြင်း၊ ကူညီဝေမျှတတ်ခြင်း တွေ သူဆီမှာ အပြည့်ရှိတယ်....သူငယ်ချင်းအားလုံးကလည်းသူကို လေးစား ချစ်ခင် ကြပါတယ်..ဒီဇင်ဘာကျောင်းပိတ်ရက်တွေ ဒီလိုပဲဖြတ်သန်းခဲ့ပြီး ကျောင်းတွေ မဖွင့်ခင် ၁..၂..ရက်အလိုမှာ သူကျွန်မကိုပြောပါတယ်...မိဂျက် နင့် အတွက်ငါ သီချင်းတစ်ပုဒ် စပ်နေတယ်ပြီးခါနီးပြီတဲ့။
သူ နဲ့ ကျွန်မ အသက်ချင်းကွာပါတယ်....
သူ့အမကျောင်းဆရာမက ကျွန်မ  မေမေရဲ့ ကျောင်းနေဖက်....သူအမေက ကျွန်မမေမေ တို့ရဲ့
ဆရာမပါ....ဒီမိသားစုတွေဟာ ကျွန်မ မမွေးခင် အချိန်ကတဲက သိခဲ့ကြတာပါ...    သူ့အမကျောင်းဆရာမကယခု(အငြိမ်းစားကျောင်းအုပ်)ပါ။
သူ့အမေကတော့(ကျွန်မတို့အခေါ်ဖွားဖွား) ဆုံးသွားပါပြီ။ 
သူတို့မိသားစု အားလုံး English စာတော်ကြပါတယ်... English သီချင်းတွေ တော်တော်များများ သူသင်ခဲ့ပေးပါတယ်။ သူက ကျွန်မကိုကလေးတစ်ယောက်လိုပဲဆက်ဆံပါတယ်....
အဲတာ..ကျွန်မ ထင်မြင်ချက်နဲ့ ပတ်ဝန်းကျင်က ထင်မြင်ချက်ပါ....အခုအချိန်ကျွန်မ စဉ်းစားကြည့်တော့လဲဒီလိုပါပဲ...ဒါပေမဲ့ သူရင်ထဲ ထိဝင်မကြည့်နိုင်ပါဘူး...
ကြည့်နိုင်တဲ့ အရည်အချင်းလဲ ကျွန်မဆီမှာ အဲဒီအချိန်က မရှိခဲ့ပါဘူးလေ...
မကြာခင်အချိန်မှာပဲ.. သူသီချင်းခွေ(ခွေကြမ်း)ကိုပေးပါတယ်....သိချင်းနာမည်က ဒီဇင်လာညတစ်ည ပါ...
နောက်ပိုင်းအဲဒီသီချင်းကို ဦးထီးဆိုင် ကိုသူရောင်းလိုက်ပါတယ်...
သူဟာ လေးစားထိုက်တဲ့ အနုပညာဖန်တီးရှင်တစ်ယောက်ပါ...အရင်အချိန်တွေမှာ သူက မြန်မာပြည်မှာနာမည်ကြီးခဲ့တဲ့  ဦးထီးဆိုင်တို့အဖွဲ့ရဲ့ Bass တီးခဲ့တဲ့ စောဂျက်ဆင်ပါပဲ။
သူအိမ်နာမည်ကတော့ ကိုခြူးပါ...ကျောင်းမှာတော့
ဂျက်ဆင်သန်းဖေ ဖြစ်ပြီး တီးဝိုင်းမှာတော့ စောဂျက်ဆင်ပါ။။။။။  ဒါပေမဲ့ ကရင်မဟုတ်ဘူး....မြန်မာ ခရစ်ယာန် ဘာသာဝင်ဖြစ်ပါတယ်။။။
ခွေ အသစ်ထွက်တော့လည်း...သေချာ စာရေး...လက်မှတ်ထိုးပြီး ကျွန်မ အတွက် လာပေးပါသေးတယ်..
ကြုံရင် အဲဒီသီချင်းလေးကိုနားထောင်ကြည့်ပါနော်...  .ကိုခြူး က jasmine ကိုပေးခဲ့တဲ့ ဒီဇင်ဘာညတစ်ည ပါ။။။
သီချင်းက အရမ်းကိုကောင်းပါတယ်...သူခံစားချက် အပြည်နဲ့ ရေးထားလို့လား မသိပါဘူး....ဦးထီးဆိုင် ကလည်း အရမ်းကို အဆိုကောင်းခဲ့ပါတယ်.....     ခုတော့ သူမရှိတော့ပါ.... ကျွန်မ နိုင်ငံခြားမှာရှိနေချိန်မှာ သူကွယ်လွန်ခဲ့ပါပြီ။
ဒါပေမဲ့ သူရေးခဲ့တဲ့  ဒီဇင်ဘာညတစ်ည  ကတော့ ရှင်သန်ဆဲပါ.....ဦးထီးဆိုင်လည်း ကွယ်လွန်ခဲ့ ပါပြီ... တေးသံလေးတွေ ကတော့ အမြဲတမ်း သေဆုံးခြင်းဆိုတာ မရှိပါဘူး...သာယာသော တေးသံ တေးသွား လေးတွေကတော့ လေ လှိုင်းကတဆင့် အမြဲ ပြန့်လွင့်နေမှာပါ။။။။။။။။။( ကိုခြူးသို့ အမှတ်တရ )



(ပူစူးဆိုတာ တချိန်ကနာမည်ကြီးခဲ့သော အဆိုတော် ဂရေဟမ် ပါပဲရှင်)

ငယ်သူငယ်ချင်း အိမ်နားနီးချင်း တစ်ယောက်အကြောင်းအဖြစ်ကျွန်မအားတဲ့အချိန်ကို ပူစူး နဲ့ ကျွန်မ တို့ရဲ့ငယ်ဘ၀ များကို ရေးသားမှာပါ။
ဤဘလော့ရှိစာများ တစ်စုံတစ်ခု မှားယွင်းခဲ့သည်ရှိသော် ကျွန်မ၏ တာဝန်သာဖြစ်ပါသည်။

ဝင်ရောက် ဖတ်ပေးသော သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်...


စာဖတ်သူ အားလုံး အစဉ်လေးစားနေတဲ့  jasmine

***လွမ်းခဲ့ဖူးပါတယ်***

14
| Sunday, June 19, 2011
ငါနိုင်ငံခြားကို ထွက်သွားတော့မယ် ပြောခဲ့တဲ့ အချိန်က နင့်ဆီက အံ့သြစရာကောင်းတဲ့ အပြုံး တစ်ခုတော့ တွေ့လိုက်ရတယ်
အချိန်ခဏတာအတွင်း တိတ်ဆိတ်သွားခဲ့ပြီး "နင်ကငါ့ကို အသိလာပေးတာပဲ..တိုင်ပင်တာမှ မဟုတ်တာ ဒီအတွက် ငါကလဲ ဘာမှပြောစရာ မရှိဘူးလေ" ခုနက အပြုံးကတော့ရှိနေဆဲပါပဲ....ငါကလဲ ပြန်ပြီးတော့ ပြုံးပြ ခဲ့ပါတယ်၊
ဒါပေမယ့် ငါ့အပြုံးထဲမှာ ဘာမှမပါတာ ငါအသိဆုံးပဲ။(ပြုံးပြသူကို အားနားပြီးပြန်ပြုံးပြရသော အပြုံး)
သံယောဇဉ်....ကြင်နာရိပ်....တမ်းတ...လွမ်းရ....တာတွေအားလုံးဘာမှမရှိဘူးလေ...
ချစ်သူတွေမှ မဟုတ်တာ. သို့ပေသော်လဲ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအားလုံးက တို့ ၂ ယောက်ကိုချစ်သူတွေလို့ သတ်မှတ်ထားကြတယ်။  ကျူရှင် တူတူသွားတယ် ကော်ဖီ တူတူသောက်တယ် ရှမ်းခေါက်ဆွဲ တူတူစားခဲ့ဖူးတယ်။
ဒါတွေက ချစ်သူတွေပဲလုပ်ရမယ်လို့ နိုင်ငံတကာ ဥပဒေရှိခဲ့လို့လား။
ဥပဒေရှိမှ စည်းတွေရှိမှာလေ....ခုတော့ဘာစည်းမှ မရှိဘူးပေါ့။   နင့်ကိုလဲ ချီးကျူးတယ်...ကိုယ့်ကိုကိုယ်လဲ ချီးကျူးတယ်
ဒီအသက် ဒီအရွယ် နှစ်ပေါင်းများစွာ ဖြူစင်နေခဲ့လို့ပါ၊ တစ်ဦးတည်းသော သမီးနဲ့ တစ်ဦးတည်းသော သား ဖြစ်ခဲ့ကြတာပဲ
ဘာတာဝန်မှမရှိခဲ့သလို မိဘတွေကလဲ ဘာတာဝန်မှ မပေးခဲ့ပါ. ပညာကိုသာကောင်းစွာသင်ခဲ့ရတာ
တို့ ၂ ယောက်ရဲ့ ဘုရားပေးသော ကံကောင်းခြင်းတစ်ခုပါပဲလေ။ ငါနိုင်ငံခြားကို ထွက်လာပြီး နင်လဲကျောင်းဆက်မတက်တော့ဘူး..
ကိုယ်ပိုင်စီးပွါးရေးလုပ်တယ်လို့ကြားရတယ် ၊  ငါနိုင်ငံခြားမှာ ၆ နှစ်လောက်ကြာပြီး တစ်ခါပြန်ရောက်တော့
ချက်ချင်းလာတွေ့တာ နင်ပါပဲ ၊ ပြီးတော့ ကော်ဖီတူတူ သွားသောက်ဖြစ်တယ်....
                    "တစ်ယောက်တည်းလား"   မထင်မှတ်တဲ့အချိန် အံ့သြဖို့ကောင်းတဲ့မေးခွန်း ငါ့ရင်ဘတ်ထဲမှာ တစ်မျိုးကြီးတော့ ဖြစ်သွားခဲ့တယ်
တစ်ကယ်ကိုမှ တစ်မျိုးကြီးပဲ ၊  ဘာအဓိပ္ပါယ်မှန်းလဲ သေသေချာချာ မသိတော့ဘာကိုဖြေရမလဲ စဉ်းစားဆဲမှာ
               "တစ်ယောက်တည်းလား"    ဒုတိယ အကြိမ်မြောက်မေးခွန်း
       ခေါင်းညိတ် ရင်း " အေးပေါ့ တစ်ယောက်တည်းပဲ"  နင့်မျက်နှာ နဲနဲတော့ ပြောင်းသွားသလိုပါပဲ...ခဏလေးပါ..
ပြီးတော့ နဂိုအတိုင်းပဲ ၊ ထူးဆန်းတာ တစ်ခုရှိသေးတယ်နော်...နင်က အထက်တန်းကျောင်းသားဘ၀ ကတဲကရီးစားတွေ
အများကြီး ရှိနေခဲ့တာ..ဘယ်နှစ်ယောက်မှန်းတောင်မရည်တွက်နိုင်တော့ဘူး ၊ ရီးစားတစ်ယောက်ကိုလဲ ၃-၄ လ ထက်ပိုမတွဲ....(ချစ်သူမှ မဟုတ်တာတဲ့)
ချစ်သူဆိုတာ  မရှိခဲ့ပါဖူးဘူးတဲ့ ၊ ကောင်မလေးက အရင်ဖြတ်ခဲ့တုန်းကလဲ နင်ကတော့ ပြုံးပြုံးပါပဲ ၊ အသည်းကွဲတာတွေဘာညာ သရကာတွေ မဖြစ်ဘူးနော် ။ ငါကတော့ခုချိန်ထိ ရီစားဆိုတာ ဘာမှန်းမသိသေးပါ ။ ရင်ဘတ်ထဲကနေ နှစ်နှစ်ကာကာ
ချစ်ဖို့ကောင်းတာလဲ မမြင်သေးဘူးလေ ၊ နင်မေးတဲ့ ( တစ်ယောက်တည်းလား )ဆိုတာ အဲဒီဟာကိုမေးတာထင်ပါရဲ့
ဒါက ကိုယ့်အတွေးနဲ့ ကိုယ်လေ ။...
       တစ်ရက်တော့ မရောက်တာကြာခဲ့တဲ့ လွမ်းစေတီ ၊ ရပ်တော်မူ ၊ အိမ်တော် ၊ မြစိမ်းတောင် ၊ တစ်နေ့ကို တစ်နေရာ
နင်က ငါ့ကိုနေ့တိုင်း လိုလို လိုက်ပို့နေတာပါ ၊ အရင်လိုစကားတွေအများကြီးတော့ မပြောဖြစ်ဘူးနော်
မေးတစ်ခွန်း ဖြေတစ်ခွန်းလောက်ပါပဲ....မိုးရွာတဲ့နေ့တွေဆို အိမ်မှာပဲ မုန့်တစ်ခုခု လုပ်စားဖြစ်သည်။
 တစ်ရက်တော့ မမျော်လင့်သော စကားကိုနင်ပြောတယ်နော်    "နိုင်ငံခြား ကိုပြန်မထွက်ပါနဲ့လား"
မကြားလိုက်တာလား....မထင်မှတ်ထားတာလား...ကိုယ်တိုင်ဝေခွဲမရ တဲ့အဆုံး
" ဘာပြောတာလဲ"  ကျွန်မ သူ့ကိုမေးမိပါတယ် ၊
"နင်မကြားဘူးလား"  သူကလဲ ပြန်မေးတယ် ၊ သူကိုငေးမောကြည့်နေမိတာပါပဲ ...ချက်ခြင်း ဆိုသလိုပဲ
သူစကားပြောပါပြီ  ။ 
"ဘာမှ မဟုတ်ပါဘူး နင်ဘယ်တော့ပြန်ထွက်မလဲ မေးတာပါ..ငါမအားတဲ့ရက်ဖြစ်နေမှာစိုးလို့
နင့်ကို ရန်ကုန်ထိ လိုက်ပို့ပေးမလို့စဉ်းစားထားလို့ပါ" တဲ့
ဘာဖြစ်လို့ ဒီအချိန်ထိအောင် ကိုယ့်ကိုကိုယ် လိမ်ညာနေတာလဲဆိုတာ ကျွန်မ သူ့ကိုမမေးတော့ပါဘူး
ဒီနေ့ထိလဲ မမေးခဲ့ပါဘူး သူလဲခုချိန်ထိအောင် အရင်တိုင်းပါပဲ..ဘာမှမပြောင်းလဲသလို
ကျွန်မလဲ လက်ရှိနေထိုင်ရာ တိုင်းပြည်မှာ ဘာမှမပြောင်းလဲပါဘူး...
ခုဆိုမိုးတွေ အရမ်းကိုရွာနေပါတယ်...စံပယ်တွေလဲ ဖွေးဖွေးဖြူအောင်ကိုပွင့် နေပါပြီ
သူကို အလုပ်အားတိုင်းလွမ်းနေမိတာကိုလဲ ကျွန်မဘယ်သူ့ကိုမှ မပြောဖြစ်သလို
သူကိုလဲ မပြောပါ ။ သူဖုန်းဆက်တိုင်းလဲ နေကောင်းလား...ကျန်မာရေးကိုဂရုစိုက်ပါ..
ဒါပါပဲ....ကျွန်မတို့ နှစ်ယောက်ကြားမှာ တစ်ခုခုတော့လိုအပ်နေပါတယ်
အဲတာ ကျွန်မ မသိသလို သူလဲသိပုံမရပါ။။။။။
                                        အချိန်တွေကြာခဲ့တော့လဲ ကျွန်မ ဘာမှမသိချင်တော့ပါ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်............................. jasmine
(ရင်တွင်းအလွမ်း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine