Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော ကဗျာလွင်ပြင်

ကံဆိုးခြင်းနယ်နမိတ်အတွင်း

3
| Friday, March 24, 2017
စံပယ်ရေ
တခုခုရေးပါလားတဲ့
ကဗျာဆိုပြီးဖတ်တတ်စအရွယ်ကတဲက
ကဗျာတွေကိုရေးတတ်ချင်ခဲ့တာ
ဖတ်ချင်နေခဲ့တာ
အဲတာတွေဟာ လက်တွေ့ဘ၀မှာ အမှားတခုဖြစ်ခဲ့ရပြီ။

အိမ်မက်တွေလှဖို့ချစ်သူကဆုတောင်းပေးခဲ့ဖူးတယ်
လက်တွေ့ဘ၀မှာ အိမ်မက်ကလှဖို့မလိုဘူး
ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘ၀ပဲ လှဖို့လိုတယ်ဆိုတာ
အသိနောက်ကျနေပြီလား။

 ဒဏ်ရာတွေအများကြီးနဲ့ ဘ၀ကိုဖြတ်သန်းရမယ်ဆိုရင်
အဖြူရောင် ဒဏ်ရာများသာဖြစ်ချင်သူပါ
အပြုံးတွေဝေနေချင်သူဖြစ်ပြီးအမုန်းတွေကို စွန့်ပစ်ချင်သူတယောက်မို့
စည်းကမ်းတွေတင်းကျပ်မှုဘောင်ထဲ (သို့မဟုတ်) သေးသေးလေးကအစ
ကြည့်တတ်မြင်တတ်ဝေဖန်တတ်ရင် ကျွန်မနဲ့အဆင်ပြေမယ်မထင်ပါ။

အေးစက်စက်အပြုံး
အေးစက်စက်လက်အစုံ
အေးစက်စက်အကြည့် ခံစားရတာ များလာတော့
ကော်ဖီဆိုရင် ခပ်ပူပူလေးပဲသောက်ချင်မိတော့တယ်။

ဖိအားတွေ အားသာလွန်းလို့ အရပ်ဒေသတခုမှာ
အောင်မြင်မှုကခေါင်းပြူဖို့ဆိုတာ လွယ်ကူသည့်အရာမဟုတ်ကြောင်း
အသိနောက်ကျပြီလား?
ဆိုင်းသံ ဘုံသံတွေဆင့်ပြီးရောက်လာခဲ့တာမဟုတ်သလို
သဲဖြူခင်း ရာဇမတ်လဲ မကာထားတဲ့ခရီး
နှစ်ပါးသွားအကနဲ့ ဇာတ်ထွက်လာရသူမှာ
ဇာတ်ကမလှ အကလဲမတတ်
ကံကောင်းပါတယ်ဆိုလို့
ခပ်ရဲရဲပဲ ဆူးပုံကိုနင်းချလိုက်တာ 
ကိုယ့်ခြေတောက်မှာ သွေးချင်းနီနီ။

အတ္တနဲ့မာနအပြိုင်လက်ဝယ်ထားသူများ
ကျွန်မလက်ကို လာမတွဲပါနဲ့
စေတနာပါတဲ့
ပြောတော့ချိုချို ရင်ဝယ်ခါးခါး 
ကျွန်မပဲ မှားနေသလား
ဘောင်ခတ်ထားတဲ့ ပတ်ဝန်းကျင်ကြား
ကျွန်မကတော့ နှလုံးသာ တခြမ်းပဲ့
ဒဏ်ရာတွေအပြည့်။

၆လလောက်ကြာအောင်ရေးခဲ့ရတဲ့ ကဗျာ လို့ပဲပြောရမယ်ထင်တာပဲ။

Jasmine






တနေ့နေ့

3
| Tuesday, March 7, 2017
        မိုးဖွဲလေးရွာနေတာတညလုံး မိုးလင်းထိ၊ တချက် တချက်လေပြင်းရိုက်ချက်ကလူတကိုယ်လုံးလွှင့်ထွက်မတတ်ခံစားရတယ် ပတ်ဝန်းကျင်ကမြင်မြင်သမျှ မှုန်ပြပြဖြစ်သလို ကျွန်မရင်ဘတ်ထဲက သတိရခြင်းလွမ်းခြင်းတွေကလဲ ခုထိမှုန်ပြပြဖြစ်နေသေးတာပဲ..ငယ်သူငယ်ချင်းဆိုတဲ့အသိနဲ့ တူတူသွားခဲ့ တူတူစားခဲ့ အမှတ်တရလေးတွေတိုက်ဆိုင်မှုရှိတိုင်း သတိတရရှိနေတုန်းပေါ့ ။
        ငယ်ငယ်ကနေခဲ့တဲ့ကျွန်မတို့အိမ်ရှေ့က စိန်ပန်းပြာပင်ကြီးပွင့်ချိန်ဆိုရင် အပြာရောင်လွင်ပြင်ကျယ်ကြီးအဖြစ်မြင်နေရတဲ့မြင်ကွင်း ဒီနေ့ထိမျက်စိထဲမြင်တုန်း အတွေးထဲမှာရှိနေတုန်း.
ကောက်ညင်းပေါင်းနဲ့အကြော်ဘယ်နားကဆိုင်ကောင်းတယ် တိုဖူးနွေးဘယ်ဆိုင်ကပိုကောင်းတယ် ငြင်းကြခုန်ကြနဲ့၊ တခါကတော့ တောင်ကြီးဟိုတည်မှာ ရှမ်းခေါက်ဆွဲစားဖြစ်ခဲ့တာမှတ်မှတ်ရရ...(စားလို့မကောင်းတဲ့အဖြစ်ကို) သတိတရရှိနေခဲ့ပြီးတို့၂ယောက်ရယ်မောခဲ့တဲ့ပုံရိပ်တွ ဝေေ၀၀ါးဝါးရှိနေခဲ့သေးတာကို
ထင်ထင်ရှားရှားမှတ်မိနေခဲ့အောင်ကိုမှတ်ဥာဏ်တွေကောင်းနေဆဲ၊ ကမ္ဘာကြီးရဲ့အနောက်ခြမ်းမှာသူနေပြီး အရှေ့ခြမ်းမှာကျွန်မနေပါတယ်။ သူ့ဖက်ကနေ၀င်ကိုယ့်ဖက်ကနေထွက် သူ့အရပ်မှာနွေရာသီ သစ်ပင်တွေအရိုးပြိုင်းပြိုင်းနဲ့နွေသရုပ်ပြနေခဲ့တာ၊ ကိုယ့်ဖက်မှာတော့ အဲဒီအချိန်ပတ်ဝန်းကျင်မြင်မြင်သမျှ
အကုန်လှတဲ့မြင်ကွင်း သူကလဲဒီကောင်းကင်အောက် ကိုယ်ကလဲဒီကောင်းကင်အောက် တို့၂ယောက်တပြိုင်တည်းဒီကောင်းကင်ကြီးကိုမော့ကြည့်မိမလားလို့တခါတလေတွေးမိသေးတယ်၊
      မကြာခင် လှပလွန်းတဲ့ နွေဦးရာသီကိုရောက်ပါတော့မယ် .. သူရှိနေတဲ့နေရာမှာတော့ ပူလို့ တောင်တန်းကြီးငိုနေပြီတဲ့လေ...  တွေ့ဖို့ခက်ခက် မြင်ဖို့ခက်ခက် လွမ်းတသက်သက်နဲ့
တမ်းတရင်းတမ်းတနေမိတာကိုက ကျွန်မရဲ့ အားနဲချက်များဖြစ်နေမလား ဘယ်တော့ပြန်ဆုံမလဲ
ဒီနှစ်လား နောက်နှစ်လား ဘယ်တော့လဲ ? မေးခွန်းတွေနဲ့ ချာချာလည်နေရပါပြီ ၊ အလွမ်းတွေကြီးလွန်းတော့ နှလုံးသားကမခံနိုင် ပေမဲ့  ဒီမြို့လေးက ကျွန်မကိုထုံဆေးထိုးပေးထားတယ်
ကျွန်မရဲ့ ထုံဆေးများနဲ့မြို့ လို့လဲတင်စားထားပြီးသားမို့ ခံနိုင်ရည်ရှိနေမှာပါချစ်သောသူငယ်ချင်းရေ။

jasmine





Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine