Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဆုတောင်းနေရတဲ့ အခြေအနေ

4
| Saturday, July 25, 2015
လရောင်မလင်းတဲ့ ည
ကြယ်ရောင်ပျောက်တဲ့ ည
သူ ကိုယ့်အနားမှာ မရှိတဲ့ ည
အရာအားလုံး အဓိပ္ပါယ်မဲ့သွားတဲ့ ည။
အဲဒီလို ညတွေ ဖြတ်သန်းရတာများလွန်းတော့
ခံစားချက် မည်မည်ရရ ဘာမှမရှိတော့ပါဘူး။
အိပ်မက်တွေ မကြာခဏ မက်တတ်သူ
စိတ်ကူးတွေယျဉ်တတ်တဲ့သူ
အဲတာ ကျွန်မပါပဲ။
တချို့ကောင်းတဲ့ အိပ်မက်
မြန်မြန်ဆုပ်ကိုင်ချင်သူ
စိတ်ကူးယျဉ်မှုတွေကို မြန်မြန်ဆုပ်ကိုင်ချင်သူလဲ
ကျွန်မပါပဲ။

စိတ်ထဲကနေ စကားလုံးတွေပြောမယ်လို့ရည်စူးနေတာ
အများကြီး
တကယ်ပြောဖြစ်တဲ့ စကားလုံးနဲ့ ရည်စူးထားတဲ့စကားလုံးတွေ
ခြားနားနေတာ အကြိမ်ကြိမ်
အသက်အရွယ်အရ ကိုယ်တိုင်စည်းတားမိတာ
အခါခါ။

ပုံစံခွက်ထဲ ကြီးပြင်းခဲ့ရတာ များလွန်းတော့
ပျင်းရိခြင်း
အိမ်လည်ခြင်း တွေမရှိခဲ့လည်း
အချက်အပြုတ်ဝါသနာရှိခြင်း အပင်လေးတွေ စိုက်ပျိုးခြင်း
စာဖတ်ခြင်း အလွန်စိတ်ဝင်စားခဲ့တဲ့သူ
အဲတာ ကျွန်မပါပဲ။

လက်ရှိအနေအထားရ
မည်သူကိုမှ လက်မကမ်းနိုင်သလို
တန်ဖိုးရှိအရာဝထ္ထုကိုလဲ မလှမ်းနိုင်တာမို့
မိတ်ဆွေသူငယ်ချင်း ဆွေမျိုးများအားလုံး
အစစ အရာရာ အဆင်ပြေ ကြပါစေလို့ ဆုတောင်းနေတာ
ကျွန်မပါပဲ။


jasmine
ပစ်ပစ်ရဲ့ tag ပိုဒ့်လေးပါ ခုမှတင်ဖြစ်လို့နောက်ကျနေပြီထင်ပါတယ်
တခြားသူများကိုထပ်ပြီးမတဂ်တော့ပါဘူး ကိုယ်တဂ်မည့်သူတွေက ပစ်ပစ်တဂ်ပြီးသားဖြစ်နေလို့ပါ။

ငါလဲ အပါအ၀င်

4
| Monday, July 13, 2015
သက်သေပြစရာလဲ မရှိခဲ့ဘူး
လူ လူချင်းသနားညာတာမှုမရှိ လုပ်ကြံမှုများ
ပါးစပ်ဖျားမှာတော့ ပျားရည်အပြည့်
ပီပြင်ပုံမရတဲ့ အပြုံးတွေကြားထဲ
ငါ ဘယ်သူ့ကိုမှ မမုန်းမိပါ
ရက်လ အလီလီ ဒီခရီး ဒီလမ်း တို့တွေ လျှောက်လှမ်းရင်း
ဘုရားဘုရား ဆိုတဲ့သူတွေ စိတ်ရောလက်ပါ 
ကားယား ကားယား ဖြစ်နေပြီ 
မချမ်းသာချင်ဘူးပြောတဲ့သူတွေ 
ပိုက်ဆံဆို ငမ်းငမ်းတက်
စိန်ရွှေမကြိုက်ပါဘူးဆိုသူကတော့
မကြာမကြာ ရွှေတွေဝယ်စုလေနေရဲ့ 
အတ္တများကြားထဲ ဖြူစင်မှု အပိုင်းအစ 
ငါ ဘယ်လိုရှာရမလဲ ။
မသိတာမရှိ မတတ်တာမရှိ ဆိုတဲ့ လူတတ်ကြီးတွေကြားထဲ
ငါ ဟာ လူဗလာလိုလို ယုန်သူငယ်လိုလို
အသက်အရွယ်မမျှမှုတွေကြား 
စကားတွေစစ်ထိုး အလှဲလှဲ အပြိုပြို
ငါဟာ ပဲလှော်ကြားကဆား ။
တို့ ဘ၀တွေက ဆယ်ကျော်သက်မဟုတ်လေတော့
အမြင်မှား အတွေးတွေေ၀၀ါးစရာမလိုဘူးထင်ခဲ့တာ
ဘ၀တခုရဲ့
ကုသိုလ် အကုသိုလ်
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း
အောင်မြင်ခြင်း ဆုံးရှုံးခြင်း တွေကို
ကိုယ်တိုင်လုပ်ယူကြရတာပါ 
အရိုအသေရှိခံချင်သူက ရိုသေထိုက်အောင်နေပေးပါ
ငါမှ ငါဆိုလျှင်လဲ ငါ့ကိုယ်ငါ တန်ဖိုးရှိစွာနေပေးပါ
အရာအားလုံး သိမြင်ခဲ့ရင်
လောဘ မောဟ နဲ့ အကြီးမှားဆုံး အတ္တဆိုတာတွေ
ဖြိုချလိုက်ပါက အနေလှနေပြီ။  

jasmine

ရလဒ်

0
| Friday, July 3, 2015
ကျွန်မကိုယ်တိုင်က ရိုးသားမှုတခုနဲ့စခဲ့တာပါလို့
ပြောရမှာဝန်လေးနေမိတယ်
တကယ်တော့ ကျွန်မ မရိုးသားခဲ့ပါ။

ကျွန်မကိုယ်တိုင်က လိမ်ညာခြင်းမရှိခဲ့လို့
သူ လဲ လိမ်ညာခြင်းကင်းမယ်ထင်ခဲ့မိတယ်
တကယ်တော့ သူ လိမ်ညာခဲ့တာပါ။

မရိုးသားမှုနဲ့ လိမ်ညာမှုတွေ့ကြတဲ့အခါ
နှစ်ဦး နှစ်ယောက်လုံး ဆုံးရှုံးမှုတွေ ရင်ဆိုင်လိုက်ရပြီ။

ရလဒ်
နှလုံးသားတွေ ကြေမွခဲ့တယ်
ရင်ကွဲလမ်းဆုံမှာ ခွဲခွါခြင်းတွေကြုံတွေ့လိုက်ရတယ်။

ဒါကြောင့်မို့ 
ရိုးသားပါ။
လိမ်ညာခြင်းကင်းပါ။

jasmine

 

ပေါက်ကရ ယောင်တိယောင်ချာ ***အချစ်***

4
| Friday, June 12, 2015


အချစ်တစ်ခု အရင်းပြု ရင်
နှလုံးသားတော့ လိုမယ်ထင်
အသဲနှလုံးတွေ စုတ်ပြတ်သွားအောင်ပူတဲ့နွေကို
သိသိသာသာရောက်လာပြီကွယ်...
ဒီအချိန်ဆိုလွမ်းတာ...ဒီအချိန်ဆိုပြန်သတိရတာ
မဟုတ်ပဲ.....အချိန်တိုင်းကို လွမ်းနေတာပါ....
ယုံဖို့ မယုံဖို့ဆိုတာ မင်းကိစ္စ.....
မင်းသိအောင်ရေးပြဖို့က ကိုယ့်ကိစ္စ
ဟုတ်တယ်ဟုတ်....
မဟုတ်လို့မှ မရတာ...
ကိုယ်ကရေးနေပြီလေ.....
မင်းကိုလွမ်းတာ......ရင်ထဲ ကမ္ဘာပျက်သလိုပဲ...
ပန်းအနား လိပ်ပြာရှိသလို
ရေထဲ မှာငါး ရှိသလို
 မင်းလေး ငါ့အနားအမြဲရှိပါစေသား။
 
အမှန်တကယ် ပေါက်ကရ ကဗျာစစ်စစ်ဖြစ်ပါတယ် ၂၀၁၁ကရေးခဲ့တဲ့ ကဗျာဟောင်းလေးကို
ပြန်လည်ခံစားခြင်းမျှသာ။
 
jasmine

ရလိုက်တယ်.....ဒုက္ခ

4
| Saturday, May 30, 2015
 တနေ့နေ့ တရွေ့ရွေ့
ပြက္ခဒိန်စာရွက်တွေ အငွေ့လို ပြန်သန်းသွားပြီ ။

 အသက်တွေ တစ်နှစ်ပြီး တစ်နှစ် ကြီးရင့်လာလဲ
အသိတွေ ရင့်မလာဘူး အသိတွေ ကြီးမလာဘူး
ကျွန်မ အလကားလူဖြစ်နေပြီလား ။

အသက် ၄၀ ကျော်တော့ ရယ်ပြုံးစရာတွေသိပ်မတွေ့ရဘူး
နှလုံးသားထဲက အပြုံးတွေ သေဆုံးကုန်တာလား
အိမ်ပြင်မှာ နှင်းတွေ အထပ်လိုက်တွေ့နေရလဲ
ရင်ဘတ်ထဲ ပူလောင်လိုက်တာ ချစ်သူရယ်
ဝါရှင်တန်မှာ အဖန်တရာတိုင် မနေပါရစေနဲ့
တောင်ပေါ်မြေကိုပြန်ပါရစေ ။

ထူးဆန်းတာတခုက လူတွေကို ခပ်လွယ်လွယ်
မေ့လို့ရပြီး ခပ်လွယ်လွယ် ခွင့်လွှတ်တတ်လာတယ် ။

ချစ်သူရယ် ဒီနေ့တော့ ရှိပါစေတော့
ကျွန်မတို့အတွက် နက်ဖြန်ဆိုတာတွေအများကြီးပါကွယ်
(နေ့တိုင်းပြောမိတဲ့ စကား)
လိုအပ်တာတွေ အကုန်ယူလို့ရတယ်ဆိုလို့
ယူလိုက်ကြပုံများ
နောက်ဆုံးတော့  သိလိုက်ရတာက
ဒုက္ခ တွေပါလားကွယ် ။

jasmine

မြင်တွေ့လိုက်ခြင်း တချို့ တ၀က်

1
| Tuesday, April 28, 2015
လမ်းဆုံးသလိုလေးတော့ခံစားလိုက်ရတယ်
ရွာတော့မတွေ့မိသေးဘူးကွယ်
သွားလေလေ ဝေးဝေးလာတာလား
ကိုယ်သွားတဲ့နေရာဒေသကို မရောက်တာလား
ပန်းဝင်မှာ နွမ်းကြေလဲရပါတယ်
အရေးကြီးတာက 
သန့်ရှင်းဖြူစင်မှုနဲ့
ပန်းဝင်ဖြစ်ဖို့ပါပဲ။

အရိပ်တွေက ခွါချမရလို့
မီးရှို့ပြီးပြာချလိုက်ချင်လဲ
ကပ်ပါလာလေရဲ့
ဆုံးဖြတ်ချက် အမှားအသေင်္ချေ
ကိုယ်ကနှုတ်ဆက်ချင်တာပါ
သူက ခွင့်မပြု ။

ပေးလိုက်ရတာတွေနဲ့ ကိုယ်ပြန်ရခဲ့တာတွေ
တန်ကြေးမမျှ အမုန်းအတေးခံရနဲ့ကွယ်
မျော်လင့်ချက်တွေက နွမ်းခြောက်လို့
ကုန်းကောက်စရာမကျန်ပါ။

တခါတလေ ဘာရယ်မဟုတ် လိုက်ရှာနေမိတယ်
လူတွေရဲ့ ဖြူစင်မှုတချို့ရယ် ကြင်နာမှုတရားရယ်ပေါ့
ရှာနေရင်း ပျောက်သွားခဲ့တယ်
ထပ်ရှာနေမိတယ် အလင်းရောင်မဲ့တဲ့အရပ်မှာ
ရောင်စဉ်တွေကိုခံစားချင်တဲ့ လူတယောက်လိုပေါ့
မောဟ တိုက်ပွဲတွေကြား တို့တတွေ မြေဇာပင်လား
အပေါ်ယံ တွယ်တာမှု ခင်မင်မှုတွေကြားထဲ
တရားခံကို မကြာခဏမြင်တွေ့လိုက်ရပြီ။

 ရေးသားသူ.......jasmine

အိပ်ခွင့်မရတဲ့ မြို့

3
| Saturday, December 13, 2014
စနိုးကြမ်းကြမ်းကြီးတွေက တစိမ့်စိမ့်ကျနေလေရဲ့
မမြင်ရတဲ့ မနက်ဖြန်အတွက်ခြေလှမ်းတွေကို
ရမ်းသမ်းလျှောက်လှမ်းရင်း
ရင်ဘတ်ထဲမျော်လင့်ချက်လေးတွေ တလိမ့်လိမ့် စီးဆင်းလာလေရဲ့ကွယ်။
ဘ၀တွေကဒီလိုပဲခက်ခဲနေကြတာပါ
မိုက်မိုက်မဲမဲတော့ မဆုံးဖြတ်သင့်ဘူး
ကံဇာတ်ဆရာရဲ့ အကြိုက်တော့ လိုက်ကရမယ်ထင်တယ်။

ခုရက်တွေ ကောင်းကင်က ပိုပြီးမှောင်မိုက်လာတယ်
အအေးဒါဏ်က ပိုပြီးတုန်ခိုက်လာတယ်
လေတိုက်ခတ်မှုတွေပိုလာတယ်
အစောကြီးမိုးချုပ်လာတယ်
မြူလိုလို နှင်းလိုလို အကျပိုလာတယ်
အချိန်မတော်လန့်ဖြန့်ပြီး အိပ်ယာက နိုးနိုးလာတတ်တယ်။

အလင်းရောင်တွေ အားမကောင်းဘူး
မျော်လင့်ချက်တွေ အရောင်မှိန်တယ်
အပြုံးတွေ အားမကောင်းဘူး
မျက်နှာဖုန်းအုပ်ထားတဲ့သူတွေ ပိုပြီးအောင်မြင်လာတယ်
မာယာနှလုံးသားရှိတဲ့သူတွေ အင်အားကောင်းလာတယ်
 ဗြမဟ္မာစိုရ်တရား  သူ့တို့ရင်ဘတ်ထဲ ထဲ့မထားသူတွေများလာတယ်
အတွေးတွေ ချချရေးဖြစ်ပေမဲ့လဲ
အရေးအသားက မကောင်းတာများနေပြီ
ဖေးမမည့်သူ မျော်လင့်နေလဲ သူတို့ရဲ့ စိတ်ထဲ ကိုယ်ရှိမနေခဲ့
သိခဲ့ပြီ     သိနေတယ်   သိရအုန်းမယ်ထင်ပါတယ်
မျော်လင့်ခဲ့ဖူးတယ်  မျော်လင့်နေတယ်   မျော်လင့်နေအုန်းမယ်ကွယ်
ကံကောင်းခြင်း လက်ဆောင်တချို့အတွက်ပေါ့ ။
သေချာတာ တခုအဖြေရနေပြီ
ငါနေတဲ့မြို့မိုးချုပ်နေသော်လဲ
ငါ့ မျက်လုံးတွေ မှေးစက်ခွင့်မရတာကြခဲ့ပြီ ။  ။
 
jasmine
 









ဒီဇင်ဘာ အလွမ်း

6
| Monday, December 1, 2014
 
မြန်မြန် ဆန်ဆန်လေးပဲ
သူရောက်လာခဲ့တယ်
တနှစ်နဲ့ တနှစ်
မြန်လိုက်တာကွယ်
မြို့အ၀င် နေကြာရိုင်း
ဒီအချိန်မှာ ၀ါဝါထိန် ချစ်သူတို့လျှောက်သောလမ်းနားက
ချယ်ရီတွေ
ပန်းနုရောင်မရင့်တရင့်
နှင်းလိုလို မြူလိုလို
ရောကောသောကောနဲ့
မနက်ခင်းတိုင်း ၀င်လာနေတာ
ဒီဇင်ဘာတဲ့လားကွယ်။

ဒီဆောင်း မနက်
နှိပ်စက်နေတဲ့ ချစ်ပုံပြင်
မြူခိုးတွေဝေ
စိတ်တွေ လေလွင့်စေခဲ့တယ်
နှင်းရည်တွေ နှလုံးသားကို လာပုတ်
ဒီ ရင်ဘတ်ကြီး
အရုပ် တရုပ်လို မခံစားတတ်ခဲ့ရင် ကောင်းမယ်
မအီ မသာနဲ့ လမ်းခွဲခဲ့ရတဲ့ အဖြစ်ဆိုး
ကြည်ကြည်သာသာ နဲ့ ငါ့ အလွမ်းပင်တွေ
ရင်ထဲ ပျိုးပြီးရင်း ပျိုးနေခဲ့တယ်။

 ရှေးဘ၀ အဆက်ဆက်
ဘာတွေ လုပ်ခဲ့မိသလဲကွယ်
ချိန်းဆိုခြင်းမရှိတဲ့
အလွမ်းတွေ ရာသီမရွှေး
နေရာမရွှေး ရောက် ရောက်လာတယ်
စလောင်းတပ်ပြီးကြည့်တော့
ကမ္ဘာအကြောင်းအားလုံးသိခဲ့ရတယ်တဲ
အဲဒီ စလောင်း
ငါ့ရင်ဘတ်ထဲက အလွမ်း
မင်းကြည့်လို့ရလားကွယ်
ငါ့ နှလုံးသားတွေ
ဘယ်လောက်များကိုက်ခဲ
နာကျင်နေမလဲ
အဲဒီ စလောင်း မင်းသိလားကွယ်
ဖန်တရာတေနေအောင်
လွမ်းပဲလွမ်းနေရတော့
အလွမ်း ဆိုတာ 
ငါ့အတွက်   ရိုးအီနေပါပြီ
ဘာမှ ဆန်းပြားမှုလဲ
မရှိတော့ပါဘူး ။ 
ငယ်ငယ် ကနားထောင်ဖူးတဲ့ သီချင်းလေးတစ်ပိုဒ်
တကယ်ကိုသတိရမိတယ်
 ချမ်းလဲ ချမ်းတယ် လွမ်းလဲ လွမ်းတယ်တဲ့ ။
 
jasmine
 
ကဗျာဟောင်းလေးကို ခေါင်းစဉ်ပြောင်းပြီး စာသားတချို့ဖြည့်ထားတာပါ။
ချစ်ခင်ရပါသော ညီမလေး ဆွေလေးမွန်ရဲ့ တဂ့်ကဗျာ

အတွေးလေးကို ရေးချမိတာပါ

7
| Friday, November 14, 2014
ငါ ဘယ်တုန်းကမှ
အကျဉ်းသားမဟုတ်ခဲ့သလို
ငါ ဘယ်သောအခါမျှ
လွတ်လပ်ခွင့်မရခဲ့ပါ
ငါ မင်းကို ဘယ်တုန်းကမျှ မမုန်းခဲ့ပါ
သို့သော် ချစ်လဲ မချစ်ခဲ့ပါ
ငါ အစပြုပြီး ရန်လိုချင်းမရှိခဲ့ပါ
အကယ်၍
မင်းရန်ပြုခဲ့သော်
ငါ အသာလေးဆုပ်ခွါလိုက်မှာပါ
ခင်မင်မှုက ဘာအရောင်လဲလို့မေးခဲ့ရင်
သံယောဇဉ်နဲ့ ခင်မင်မှုမှာ
အရောင်တွေမရှိပါဘူး
အဲလိုလေးပဲဖြေပါရစေ
ကိုယ့်ရဲ့ စိတ်ရင်းက
ကိုယ် ခံစားရတဲ့ အရောင်ပဲလေ
လောကကို ဟိုဝေ့ဒီဝိုက်
မလုပ်ပဲ မှန်တချပ်ကို
တည့်တည့် ကြည့်လိုက်ပါ
ငါ့ ကိုအကဲခတ်နေတဲ့ သင့်
မျက်နှာကို သင် သေသေချာချာမြင်ရပါလိမ့်မည်
ဘာမှ အစိုးမရဘူးကွယ်
စိတ်ထဲက ခံစားမှု အလုံးအရင်းတွေ
ဖြေချလိုက်ပါတော့
အချိန်အခါ ကျရင် သက်သာစေမယ်
လက်ထဲက ဆုပ်ကိုင်သမျှ
နဲနဲချင်းစီ
လွှတ်ချလိုက်ပါတော့
သင့်စိတ်လေးပေါ့ပါးလို့နေမယ်
တိမ်ညိုတွေကင်းနေတဲ့အခါ
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ
စိတ်တွေလန်းဆန်းပြီး
သင့်မျက်နှာ ပန်းရောင်သန်းလာလိမ့်မယ်
ပန်းအကြောင်း မိုးအကြောင်း
နှင်းအကြောင်း လေအကြောင်း
သစ်ရွက်တို့ အကြောင်းတွေကို
စိတ်ဝင်စားမှု
များများထားပေးပါ
သင် လောကကြီးကိုချစ်တတ်လာမယ် ။

 
 jasmine
 

နှလုံးသားရဲ့ အရှင်သခင်

6
| Saturday, November 8, 2014
နှလုံးသားရဲ့ အရှင်သခင်
****************** 
ရင်ဘတ်ထဲ 
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
jasmine
 
 
ပါရမီဖြည့်ဖက်
 
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
 
 
ညီမငယ်လေးပစ်ပစ်( http://blackroze-blackrose.blogspot.com/2014/11/blog-post.html)
အဲဒီကနေတဂ်ထားလို့ ကဗျာကြွေးဆပ်လိုက်ပါပြီ
ကိုလွင်ပြင်အတွက်ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ ။
 
jasmine

November လွမ်းချင်း

8
| Sunday, November 2, 2014
 စိတ်တွေက မခိုင်မမြဲဖြစ်နေချိန်
ရာသီဥတုကလဲ ဖရိုဖရဲနဲ့ပါလားကွယ်
သစ်ရွက်တွေကြွေနေသလို
ငါ့ အလွမ်းတွေကြွေခွင့်ရှိရင် ကောင်းမှာပဲ
ထင်ထားသလောက်တော့ မအေးသေးတာ
ကျေးဇူးတင်ပါတယ်နိုဝင်ဘာ
လေတိုက်သံတွေ အိမ်ထဲကနေကြားနေရတယ်
နွေရာသီမှာစမ်းစိုခဲ့တဲ့ သစ်ရွက်တွေ
မရှိတော့ဘူးကွယ်
သစ်ရွက်ကြွေသံတွေထဲကနေ
ကဗျာတပုဒ်တော့ ရကောင်းပါရဲ့
တယောက်နဲ့တယောက် ဘ၀တွေပေးခဲ့ပြီးမှ
အလွမ်းတွေမလိုချင်တော့ဘူး
ချစ်ကြ မုန်းကြ
ရုန်းကြ ကန်ကြ
ရယ်ကြ ငိုကြ
ဘ၀တွေထဲကနေ
နှလုံးသားထဲကနေလာတဲ့ အပြုံး
နှစ်နှစ်ကာကာ ပြုံးပြလိုက်ပါ
အဲဒီအပြုံးက ဒီတဆောင်းလုံးကိုနွေးထွေးမှုပေးနိုင်တယ်။
 
jasmine
 

မျော်လင့်ချက် ၁

8
| Wednesday, October 29, 2014
တမြေ့မြေ့နဲ့ လောင်ကျွမ်း လွမ်းနေရသူ
သံယောဇဉ်ချစ်ခြင်းတွေအပြည့်
သမုဒ္ဒယ လွမ်းခြင်းတွေကအမောက်နဲ့
စံပယ်တခင်းကိုတမ်းတမ်းတတဖြစ်နေရသူ။
 
တိမ်တွေပေါ်ထိတက်ခဲ့ပြီးမှ
အောက်ကို မကြာခဏငုတ်ကြည့်နေမိသူ
ဖြောင့်ဖြူးနေတဲ့အဝေးပြေးလမ်းမကြီးကနေ
စိတ်အတွေးက  
ခနော်နီခနော်နဲ့ လမ်းတွေကို သတိရနေမိသူ
အရှုံးဆိုတာကို အမြဲတွေးတတ်နေလိုထင်ပါရဲ့
 မကြာခဏ အရှုံးတွေပဲ ရင်ဆိုင်နေရတယ် ။

နာကျင်စေခြင်းအရာနဲ့ ဘ၀ကိုအလှမဆင်ချင်ဘူးကွယ်
နှလုံးသားကနေ သွေးစိမ်းရှင်ရှင်ထွက်စေတော့
အတွေးနဲ့ ရင်ဘတ်ကြီးကိုပေါက်ကွဲစေနိုင်ပြီ
နောက်ဆုံး မျော်လင့်ချက်လေးနဲ့ပဲ
အလှဆင်ပါရစေလား
အောင်မြင်မှုတပွေ့တပိုက်နဲ့
အပြုံးလက်ဆောင်တွေကို လက်မရှောင်ပဲတွေ့ပါရစေတော့ ။

jasmine

တွေးစရာလေး တချို့

3
| Wednesday, October 22, 2014
အလတ်ကြီးရှိနေသေးတဲ့ ငါ့ နှလုံးသားကို
ငါ သနားလိုက်တာ
ဖြုန်းတီးမိနေတဲ့ အချိန်တချို့
ကိုယ့်ကဗျာ ကိုယ်ပြန်ရွတ်ဖို့
စိတ်တွေ လေးလံလေသလို
ဖြူစင်မှု တခုထဲကိုပဲ ယုံကြည်ခဲ့တဲ့ ငါ
မပြုံးမိတာကြာခဲ့တဲ့ ငါ
အပြုံးဆိုတာ ဘယ်လိုလဲ မေ့တေ့တေ့ ။
တိတ်တိတ်လေး နေထွက်လာခဲ့တယ်
တိတ်တိတ်လေး သူ ပြန်ဝင်သွားခဲ့တယ်
စိတ်ထဲကနေ သူ့ကိုနူတ်ဆက်ချင်မိနေတာ
နူတ်ဆက်ခွင့်မရလိုက်ဘူး ။
ကိုယ့် အတ္တ ကိုယ်မမြင်
သူတပါး အတ္ထုပတ္တိ ကိုတော့ ဖွင့်ပြနေတဲ့လောက
အပေါ်ယံ ရှပ်ပြီးပေါင်းတဲ့သူတွေခပ်များများတွေ့လာရတယ်
အရေခြုံနေတဲ့ သူတွေထဲကနေ ငါ ရုန်းထွက်ရမယ်
ငါ့ ဘ၀အမှန်ကဘာလဲ
သူတို့တွေမိုးခါးရေသောက်တာ သောက်ပါစေတော့
 ငါ မသောက်မိဖို့အရေးကြီးတယ် ။
 ငါ ကိုယ်တိုင်ကလဲ မရင့်ကျက်ဘူး
သူ တို့ကလဲ လူယဉ်ကျေး မဟုတ်ဘူး
ငါ မပြုံးချင်ဘူးဆိုရင် လုံးဝပဲ
သူ သီခံပြီးပြုံးတတ်တာ ဂုဏ်ယူပါတယ် ။
ကိုယ်ပါပဲ လုပ်လုပ်
လုပ်သမျှ အဟုတ်ထင်နေသူထဲ ငါလဲ ပါတယ်
ငါ့ ဘ၀အမှန်ကဘာလဲ ။
အရေခြုံနေတဲ့ လောက
ဘာကိုမှ အရေခြုံရုံသက်သက်မလုပ်ပါနဲ့
တိရစ္ဆာန်အရေတွေခြုံကြည့်လို့ရပါတယ်.......သူကနွေးထွေးမှုကိုပေးသနားတယ်လေ ။
 
Jasmine

ကျွန်မ ချစ်ရသူ

10
| Saturday, October 18, 2014
အပြုံးတွေပျောက်ဆုံး
တွယ်တာမှုတွေပျက်သုဉ်းနေတဲ့ ဘ၀လေးကို
ပြန်လည်စိုပြေလာစေတဲ့ သူ
အချစ်တွေကို အသက်သွင်းပေးခဲ့သူ
အမုန်းတွေ ရင်ထဲမထားပဲ
သံယောဇဉ် အသင်္ချေ တွေ ရင်ဘတ်ထဲ ၀င်လာစေတဲ့ သူ
လက်ကျန်ဘ၀လေးအတွက်
အနားသတ်တွေ လှပအောင် လမ်းပြပေးတဲ့ သူ
သဲဖြူခင်းပြီး စံပယ်တွေ ကာရံပေးခဲ့ သူ
ခပ် ပါးပါးသာကျန်တဲ့ မျော်လင့်ချက်လေးကို အရောက်တင်ပေးခဲ့ သူ
ကိုယ် ကြိုက်တတ်တဲ့ သီချင်းလေးတွေ ရှာဖွေဖွင့်ပေးတတ် သူ
အပိုင်းအစတွေများလွန်းလှတဲ့ လောက
အတုတွေပေါများလွန်းတဲ့ လောက
အဖြူစစ်စစ်တွေရှားလာတဲ့ လောက
မိုးရာသီရဲ့ ဟန်ပန်တွေ ဘာမှ မရှိတဲ့နေရာ တခု
နှင်းထုတွေ ဖုန်းလွှမ်းတဲ့ အရပ်ဒေသ
အရိုးထဲ စိမ့်ပြီး အေးလွန်းတဲ့ အိမ်လေးထဲမှာ
အမြဲအားပေး တတ်သူ
ယုယ ကြင်နာပေး တတ်သူ
ဖေးမပေး တတ်သူ
အဲတာ ကျွန်မချစ်ရသူပါ ။ 
 
jasmine
 
စာတွေ များများတင်နိုင်အောင်လို့ တဂ်ပါရစေရှင်
မိမိကြိုက်ရာခေါင်းစဉ်ဖြင့်ရေးသားနိုင်ပါတယ်
သာဂျီးမင်း
လရိပ်အိမ်
တီတင့်
မဒမ်ကိုး
ပစ်ပစ်
 

ချစ်တတ်သူ

8
| Friday, October 10, 2014
မိသားစု - ချစ်သူ - မိတ်ဆွေ - သူငယ်ချင်း
မည်သူ့ပေါ်ကိုမှ ဟန်ဆောင်ပြီး
မပြုံးပြခဲ့ဖူးပါ ။
 
မာယာမျက်နှာ
မျက်လုံးတတောက်
ငါ  မကြည့်ခဲ့ဖူးပါ
မျက်စိတဆုံးနဲ့
(ပြုံးချင်လဲ ပြုံးမိမယ်)
ငါ ကြိုဆိုလျှက်ပါ ။
 
ငါ့ရဲ့စိတ်တွေ နေသားတကျဖြစ်ဖို့
လိုအပ်နေတာ အချိန်တခု
သိမ်မွေ့မှု မရှိတဲ့ အရာအားလုံး
နှလုံးသားထဲ ကြာရှည်မထားချင်ခဲ့သူ ။
 
ဒွိဟတွေ မမွေးမြူချင်ပါ
 အာဃာတကိုလဲ  စိတ်ထဲမ၀င်စေချင်
အံ့သြစရာကောင်းလှတဲ့ကံကောင်းခြင်း
ငါ  တခါမျှ အခါအခွင့် မရခဲ့ပါ ။
 
မျက်ရည်ပေကျံဖူးတဲ့ နှလုံးသား
အရောင်စွန်းစေတဲ့ ချစ်ခြင်းတွေနဲ့
ချစ်သူကို မပေးရက်ပါ
မည်သူ့ကိုမှလဲ မပေးချင်သူပါ။
 
jasmine
 
 
အသူရဲ့ Tag ကိုရေးတဲ့ ကဗျာပါ။ 

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine