Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***** ရောဂါ နှင့် ဓာတ်စာ *****

| Wednesday, February 23, 2011
 အချိန်ပေးပြီး ၀င်ရောက်ဖတ်ပေးသူများ မပျင်းရအောင် ရောဂါ နဲ့ ဓာတ်စာ
အကြောင်းလေး တင်ပေးလိုက်ပါတယ်
ကျမ်းမာရေးနှင့် ဆေးပညာဂျာနယ် မှ




ဓာတ်စာ

သံလွင်ဆီ၊ ဆဲလ်လမွန်ငါး၊ ချင်း၊ နနွင်း၊ ရေ၊ မြေပဲ၊ မှိုများ၊ တူနာငါး၊ စပျစ်သီး၊ မိကျောင်း လျှော်စေ့ဆီ၊ ရွှေဖရုံစေ့မှ ရသောဆီ၊ Mackerel ငါး။

ရှောင်ရန်

စားလိုက်တဲ့အခါ သင့်ရဲ့ အဆစ် အမျက်များကို ရောင်ရမ်းစေတဲ့ မည်သည့် အစားအစာမဆို။ ရူမတွိုက်အဆစ်ရောင် ရောဂါ (Rheumatoid arthritis) ဟာ မိမိ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ autoimmune illness တစ်မျိုးဖြစ် ပါတယ်။ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးများကိုသာ ပုံမှန်အားဖြင့် တိုက်ခိုက် လေ့ရှိတဲ့ သွေးဖြူဥများဟာ မှားယွင်းပြီး မိမိခန္ဓာကိုယ်ရဲ့ အဆစ်များကို တိုက်ခိုက်ခြင်းပဲ ဖြစ်တယ်။

အဲဒီအခါ မှာ သင့်ရဲ့ အဆစ်များဟာ ရောင်ရမ်းလာပြီး နာကျင်လာပါတယ်။ Osteoarthritis အဆစ်ရောင် ရောဂါလိုပဲ။ Rheumatoid arthritis ဟာလည်း သင့်ရဲ့ အရိုးများ၊ အရိုးနုနဲ့ အဆစ်အမျက်ရဲ့ အခြားအစိတ်အပိုင်း များက အမြဲတမ်း ပျက်စီးထိခိုက် သွားစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ အရိုးအဆစ်များမှသည် သင့်ရဲ့နှလုံး၊ အဆုတ်များကိုပါ ထိခိုက်နိုင်ပါတယ်။ RA ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်ညာ တစ်ဖက်စီမှာရှိတဲ့ အရိုးအဆစ်များကို တစ်ပြိုင်နက် တိုက်ခိုက်လေ့ရှိတယ်။ ဥပမာသင့်ရဲ့ ဘယ်ညာဒူးဆစ်နှစ်ဖက်၊ ဘယ်ညာပခုံးရိုးနှစ်ခု၊ ဘယ်ညာ လက်နှစ်ဖက်မှ အဆစ်များ စသည်တို့ ဖြစ်ပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းကတော့ ရောဂါစလာမှန်း သိတာနဲ့စောနိုင်သမျှ အစောဆုံးကုသမှု ခံယူပါမှ သင့်ရဲ့ အရိုးအဆစ်တွေ ပုံပန်းသဏ္ဌာန် ပျက်သွားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

RA ကို ကုသဖို့ အဆစ်အမျက်ရောဂါ အထူးကု ဆရာဝန်ကြီးများက NSAIDs အကိုက်အခဲ ပျောက်ဆေးများနှင့် အခြားပြင်းထန်သော ဆေးဝါးများ ညွှန်းလေ့ရှိကြတယ်။ ဒီဆေးတွေဟာ RA ကို သက်သာစေပေမယ့် ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေက RA ကို သက်သာအောင် ကူညီပေးနိုင်ပါလိမ့်မယ်လို့ Duke University မှာ Dr. David ကပြောကြားခဲ့ပါတယ်။ အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာများ၊ အဆီနည်းတဲ့ အစာအစား များဟာ ကိုယ်အလေးချိန် လျှော့ချ ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ပေါင်ချိန်တွေ ကျသွားတိုင်း အရိုးအဆစ်များရဲ့ ကျန်းမာရေးလည်း ပိုမိုကောင်းမွန် လာပါလိမ့်မယ်။ ရှိသင့် ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတဲ့ ကိုယ်အလေးချိန် အပိုအောင်စများဟာ သင့်ရဲ့ အဆစ်များကို ဖိစီးမှု အပိုထပ်ဆောင်းစေပါတယ်။ Dr. David ပြောကြားချက်အရ အဆစ်အမျက် ရောဂါအထူးကု Rheumatologists တွေက ကိုယ်အလေးချိန် ဟာ အဆစ်အမျက် ရောင်ရမ်းခြင်းဖြစ် ပေါ်မှုကို သေချာပေါက် လွှမ်းမိုးမှုရှိကြောင်း ယုံကြည်ကြပါတယ်။ မှန်ကန်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း တွေဟာ RA ကို သင့်ခန္ဓာကိုယ်က တိုက်ခိုက်တဲ့အခါမှာ ပိုမိုလွယ်ကူအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

RA ကို တိုက်ထုတ်ပေးနိုင်မယ့် အစားအစာများ


၁။ အိုမီဂါ (၃) အဆီအက်စစ်


ငါးကို တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ် စားသုံးခြင်းဖြင့် ရောင်ရမ်းနာကျင်နေတဲ့ အဆစ် အမျက်များကို သက်သာစေပါတယ်။ ငါးမှရတဲ့ အိုမီဂါ (၃) (Linolenic Fatty acids) ဟာ RA ရဲ့ လက္ခဏာများကို သက်သာစေလို့ အကိုက် အခဲပျောက်ဆေးများ သုံးစွဲမှုကို လျှော့ချနိုင်ပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကာရဲလ်ငါး၊ တူနာငါး Albacure tuna)၊ ဟာရင်းငါးအစရှိတဲ့ အဆီထူ ငါးများကို စားသုံးပါ။ ပင်လယ်စာများ ကို ချက်ပြုတ်တဲ့အခါ ကင်နိုလာဆီနဲ့ ချက်ပြီး အသုပ်သုပ်စားတဲ့ အခါ မိကျောင်းလျှော်စေ့ဆီ Flax seed oil ကို အသုံးပြုပါ။ အိုမီဂါ (၃) အဆီအက်စစ်က RA အတွက် ကောင်းမွန်ပေမယ့် အိုမီဂါ (၆) အဆီအက်စစ် (Omega-6 or Linoleic fatty acids) ကတော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိုမီဂါ (၆) ကြွယ်ဝတဲ့ အစားအစာ များဖြစ်တဲ့ အသားများ၊ ဖန်တီးပြုပြင် ထုတ်လုပ်ထားတဲ့ အစားအစာများ၊ အသီးအနှံဆီများဖြစ်တဲ့ နေကြာဆီ၊ ပြောင်းဖူးဆီနဲ့ ပဲပုပ်ဆီတို့ကို ရှောင်ရှားပါ။


၂။ သံလွင်ဆီ (Olive oil)


ဂရိမှ လတ်တလော ပြုလုပ်ခဲ့တဲ့ သုတေသနအရ သံလွင်ဆီဟာ RA အတွက် အထူးကောင်းမွန်ကြောင်း တွေ့ခဲ့ရတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ မိုနိုမပြည့်ဝဆီများဟာ အိုမီဂါ (၃) ဖက်တီးအက်စစ်များလိုပဲ အဆစ် ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်းအားဖြင့် RA ကို သက်သာစေခြင်း ဖြစ်ပုံရတယ်။ ဒါ့အပြင် သံလွင်ဆီမှာ ပါဝင်တဲ့ (antioxidants) ဓာတ်တိုးဆန့်ကျင် ပစ္စည်းများဟာလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ကူညီပေး ပုံရပါတယ်။ ဒါကြောင့် RA ဖြစ်နေသူတွေ စားတဲ့ အစားအစာ အမျိုးအစား ၁၀၀ ကျော်ကို လေ့လာခဲ့တဲ့အခါ သံလွင်ဆီက အကောင်းဆုံးအဖြစ် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ သင့်ရဲ့ အစားအစာထဲကို နေ့စဉ် သံလွင်ဆီပါအောင် စီမံပါ။ များများစားနိုင်လေ၊ ပိုကောင်းတာဖြစ်ပါတယ်။ လေ့လာမှုအရ သံလွင်ဆီ မစားတဲ့သူများဟာ စားတဲ့သူများထက် RA ဖြစ်ပွားဖို့ ၂.၅ ဆပိုများကြောင်း တွေ့ခဲ့ရတယ်။


၃။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ


(Antioxidants) Antioxidants များအားလုံး ဟာ RA ကို သက်သာစေရုံမျှမက အချို့က မဖြစ်ပွားအောင် ကာကွယ်မှုတောင် ပေးနိုင်တယ်လို့ သိရတယ်။ RA ဖြစ်ပွားခံစားရသူများဟာ Free radicals တွေများပြားပြီး antioxidants ပမာဏ နည်းပါးကျ ဆင်းနေလေ့ရှိတယ်။ ဒါကြောင့် ကျွမ်းကျင်သူများက free radicals များဟာ အရိုးအဆစ်များကို ပျက်စီးအောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ယူဆကြတယ်။ free radicals တွေကို တိုက်ထုတ်ဖို့ လိုအပ်တဲ့ antioxidants အုပ်စုထဲမှာ ရှေ့ဆုံးက ပါဝင်နေတာ ကတော့ဆယ်လီနီယမ် (Selenium)၊ ဗီတာမင် E နဲ့ ရက်စ်ဗာရက်ထရောလ် (Selenium) တို့ပဲ ဖြစ်တယ်။

ဆွီဒင်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ Selenium ပမာဏ နည်းပါးခြင်းဟာ RA ဖြစ်ပွားမှုကို မြင့်မားစေကြောင်း တွေ့ရတယ်။ ဆယ်လီနီယမ်ဟာ အဆစ်တွေရဲ့ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို လျှော့ချနိုင်ကြောင်း တွေ့ခဲ့ရတယ်။ ဒီအပြင် ဗီတာမင် E ကလည်း RA အမျိုးအစားအားလုံး ဖြစ်ပွားနိုင်မယ့် အန္တရာယ်အခွင့် အလမ်းကို လျှော့ချပေးနိုင်ကြောင်း တွေ့ရတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာများ၊ ဗီင်္တာမင် E ဖြည့်စွက်ထားတဲ့ ဆီရီရယ်လ်များ၊ မြေပဲဆန်နဲ့ ငါးတို့ကိုစားပါ။ ဆယ်လီနီယမ်ကြွယ်ဝတဲ့ ပင်လယ်စာများ၊ မှို၊ နို့ထွက် ပစ္စည်းများနှင့် ဂျုံကြမ်းတို့ကို စားသုံးပါ။ Resveratrol ဟာ အဓိကအားဖြင့် စပျစ်သီးမှ ရရှိပါတယ်။ ၎င်းဟာ ရောင်ရမ်းမှု inflammation ကို လျှော့ချပေးပြီး RA၊ နှလုံးရောဂါနှင့် ကင်ဆာများကို ကာကွယ်တဲ့ လက်နက်ဖြစ်ပါတယ်။

၎။ ရွှေဖရုံစေ့ဆီ (Pumpkin seed oil)

ရွှေဖရုံစေ့အဆီကို စားသုံးခြင်းကြောင့် သင်ဟာ antioxidants နဲ့ အဆီအက်စစ်များ (fatty acids) ရဲ့အာနိသင်ကို များပြားစွာ ရရှိမှာ ဖြစ်ပါတယ်။ အစိမ်းရောင် ရွှေတစ်နည်း ရွှေဟင်းသီးဟင်းရွက် "green gold" လို့ တင်စားတဲ့ ရွှေဖရုံသီးရဲ့ အစေ့မှာ ပါဝင်တဲ့ ဆီမှာ အိုမီဂါ (၃) ဖက်တီးအက်စစ်၊ ဆယ်လီနီယမ်၊ ဗီတာမင် E ဘီတာကာရိုတင်းနှင့် ပိုလီဖီနော်လ် polyphenols လို့ခေါ်တဲ့ အခြား အင်တီအောက်စီးဒင့်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေကို တစ်ပြိုင်နက် အတူတကွ ရရှိခြင်းဖြင့် သင်ဟာ “ရောင်ရမ်းခြင်းကို ခုခံတဲ့ဆေးဝါး” anti-inflammatory remedy ကို ရရှိနိုင်မှာ ဖြစ်တယ်။


၅။ ချင်း နှင့် နနွင်း (Ginger and turmeric)


ဂျင်ဂျာတီး (ဂျင်းလက်ဖက်ရည်) ginger tea တစ်ခွက် ဒါမှမဟုတ် ချင်းနဲ့ ချက်ပြုတ်ထားတဲ ဟင်းတစ်ခွက်ဟာ သင့်ရဲ့ အရိုးအဆစ်တွေ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေပါလိမ့်မယ်။ ဒါ့အပြင် ဟင်းခတ်အမွှေးအကြိုင် အုပ်စုမှာ မပါမဖြစ်တဲ့ နနွင်းကလည်း ချင်းလိုပဲ ကာကူမင် (Carcumin) ဆိုတဲ့ နာကျင်ခြင်းကို သက်သာစေတဲ့ antioxidant တစ်မျိုး ပါဝင်ပါတယ်။ ဓာတ်ခွဲခန်း လေ့လာမှုတွေအရ ကာကူမင်ဟာ NSAIDS အကိုက်ခဲ ပျောက်ဆေးတွေထဲက Ibuprofen လောက် အတူတူ အစွမ်းထက်ကြောင်း သိရတယ်။


သက်သတ်လွတ်စားသင့်၊ မစားသင့်


သက်သတ်လွတ်စားခြင်းဟာ RA မဖြစ်ပွားဖို့ ကာကွယ်နိုင်တဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ ဥရောပ လေ့လာမှုတစ်ခုအရ သင့် အစားအစာထဲမှာ အသားကို ဖြတ်တောက်လိုက်ခြင်းဟာ အစာခြေလမ်းကြောင်းမှာ ဗက်တီးရီးယားတွေရဲ့ ပေါက်ပွားမှုကို မျှခြေရောက်အောင် ထိန်းထားပေးစေနိုင်တယ်။ အဲဒီအခါ မကောင်းတဲ့ ဗက်တီးရီးယားတွေ အူလမ်းကြောင်းမှတစ်ဆင့် သွေးကြောထဲကို စုပ်ယူရောက်ရှိမှု နည်းပါးသွားတယ်။ အဲဓီဗက်တီးရီးယားတွေ မရှိရင် သွေးဖြူဥတွေဟာ RA ဖြစ်စဉ်ကို စတင်ခြင်း မပြုဘူးလို့ ကျွမ်းကျင် သူများက ယုံကြည်ကြတယ်။ ဒါပေမယ့် လုံးဝ သက်သတ်လွတ် စားခြင်းဟာလည်း အာဟာရ ချို့တဲ့ခြင်းကို ဖြစ်စေနိုင်တယ်။ ဒါကြောင့် သက်သတ်လွတ် စားမယ်ဆိုရင် မစားခင်မှာ သင့်ရဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင် ဆွေးနွေးပြီး အာဟာရချို့တဲ့ခြင်း မရှိအောင်ရွေးချယ်စားသောက်ပါ။ 


မအားတဲ့ကြားက အချိန်ပေးပြီး ၀င်ရောက်ဖတ်ပေးသူ
အားလုံးကိုအစဉ်လေးစားတဲ့
jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine