Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဖြူစင်တဲ့ အနာဂတ်

24
| Friday, July 27, 2012
ရာသီတွေ မပီမသနဲ့
ဒဏ်ရာတွေကတော့
ဗလပွ ပါပဲ
ပြတ်ရွေ့ အက်ကွဲကြောင်းတွေကိုလဲ
အဖြစ်သည်းပြီး မပြောတော့ပါဘူးကွယ် ။

လောကကြီး ရွှေးချယ်စရာတွေပုံလို့
ဘ၀ရဲ့ ဈေးကွက်လား
အချစ်ရဲ့ ဈေးကွက်လား
ဈေးတော့ အပြောင်းအလဲ
ကစားနေကြလေရဲ့
အရှက်တွေလဲ ခွါချကြ
ယုံကြည်ချက်တွေက နေရာမရ
ကိုယ်တိုင်လဲ
ကျေးကျွန်မှန်း သခင်မှန်းမသိကြတော့
ရလဒ်တွေ လုံးပါးပါးတဲ့
ဈာပန အခမ်းအနား တစ်ခုလိုပါပဲကွယ် ။

 စိန်ခေါ်မှုတွေ နဲ့စခဲ့ရတဲ့ဘဝ
မျက်နှာကြီးရာ ပါသွားတဲ့အသားတုံးတွေ
ယှဉ်ပြိုင်မှု ဆိုတာ စကားအဖြစ်ကျန်နေရစ်တာပဲ ။

ဒဏ်ရာတွေ ကင်းတဲ့ ရင်တွင်း
ဘယ်မှာရှိမလဲ
အမှန်နဲ့ အမြဲတွဲနေတဲ့
အမှားတွေကို ကန်ထုတ်
အဖြူနဲ့ လာလာပြီးရောတဲ့
အမဲတွေကိုလဲ
သုဿန်ပို့
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
jasmine

ဘယ်လောက်လွမ်းလွမ်း ခွင့်လွတ်တယ် ချစ်သူ

39
| Tuesday, July 24, 2012
ရာသီတွေ တရွေ့ရွေ့နဲ့ပြောင်းလဲ
အလွမ်းတွေ မမေ့တမေ့ ဖြစ်နေဆဲ
ချစ်သူ
ကိုယ်သိပ်ရိုင်းသွားသလား
ငြင်းပယ်ခဲ့တာလေ
လွမ်းရမယ့်တူတူ
ခပ်စောစောလမ်း ခွဲတာ
တို့နှစ်ယောက်အတွက်
အကောင်းဆုံးပါပဲ ။

နှစ်ဦးနှစ်ဖက် အတ္တတွေကြား
သက်လုံကောင်းကောင်း
ထားနိုင်ဖို့
ငါ လေ့ကျင့်ပြီးသားပါ
စိတ်ထဲစိုးမိုးနေတဲ့
အမှောင်တွေ
ပြန်လင်းချင်မိတယ်
နှလုံးသား မှာစွန်းထင်းနေတဲ့
အရောင်တွေ
မြန်မြန်ချွတ်ပစ်ချင်တယ် ။

သောကအထွေထွေနဲ့
ပွေရှုပ်ခံရတဲ့ လောကထဲမှာ
အရောင်တွေစွန်းနေတဲ့
အမှန်တရားကိုလဲ
မိတ်ဆွေမဖွဲ့လိုတော့ပါဘူးကွယ် ။

ငါကိုယ်တိုင်အတောမသတ်နိုင်တဲ့
မောဟ အလွမ်းတွေနောက်ကိုပဲ
ခြေလှမ်းတို့ ကောက်ကောက်ပါအောင်
လိုက်တတ်နေပါပြီ
သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။

ရေလှိုင်းတို့ရဲ့ တိုက်စားမှုဒဏ်ကိုစောင့်နေတဲ့
ကမ်းစပ်က ကျောက်ဆောင်တွေလိုပဲ
ငြိမ်ငြိမ် သက်သက်လေး
လည်စင်းပေးမယ်
မင်းအတွက်ကွယ် ။



jasmine
 





 

ကဗျာတို(ရ)

24
| Saturday, July 21, 2012
ကျေးဌက်တွေမှာ 
စကားသံတွေရှိတယ်
စမ်းရေတွေထဲမှာ 
သံဇဉ်တွေရှိတယ်
ငါ့ နှလုံးသားထဲ 
မင်းအမြဲရှိနေတယ် 
ယုံပေးပါ ချစ်သူ။ 

jasmine

အမြန် ပြင်လိုက်တော့

25
| Friday, July 20, 2012
သစ္စာတရားတွေ
ဘယ်ရောက်ကုန်လဲ
တရားမ၀င်ပျောက်ဆုံးသွားတော့
သစ္စာကို မှောင်ခိုကူးနေသူတွေရဲ့
လက်ချက်ပဲ ဖြစ်မှာပါ

တသသနဲ့ တမ်းတနေမယ့်အစား
မ၀ တ၀ ဖြစ်ခဲ့တဲ့
အကြင်နာ ပါးပါးလေးကို
လားလားမျှ မဆိုင်သလိုလုပ်ပြီး
ထိုင်သာငိုလိုက်ချင်မိပြီ

ရှေ့မှာ ဒုက္ခ ရှိနေတယ်
ဘာကြောင့် အတင်းတိုးရတာလဲ
ဖြေးဖြေး   ကိုယ့်လူ
ဒုက္ခကို ဒုက္ခမှန်းသိလဲ
ငယ်ငယ် သမ ဆိုင် တန်းစီတာမြင်ခဲ့ဖူးတယ်

လူတိုင်းရဲ့ ပါးစပ်ဖျား
ခါးခါးတွေ ထွက်မလာဘူး
အမှန်တရားဆိုတဲ့ သစ်ပင်တု
အိမ်တိုင်းစိုက်ကြပြီ
နှုတ်ခမ်းက အပြုံးတွေဝေ
အမုန်းတွေ ရင်ထဲထား
စကြာဝဠာ တခုလုံး
အမှားတွေ ကျုးလွန်
အမှန်တွေ ထွန်ယက်နေကြတယ်
တကယ်စိုက်တာက
ဟန်ဆောင်ခြင်း

ဘာသာ တရားကို
ကြည်ညိုပါတဲ့ဆိုသူတွေ
ဘုရားဟောတဲ့ကျမ်း
ပြစ်ပယ်ကာထားနေတယ်

သိက္ခာတွေတုန်းအောင်ဖြုန်းပြစ်ပြီးမှ
ငါနှယ်........... မိုက်မိတာပါလို့
နောင်တတွေနဲ့
အရေမရ အဖတ်မရဖြစ်နေပြီလား

တွေးကြည့်ပါ ပြေးမကြည့်မိစေနဲ့
မောမှာစိုးလို့
အသိတွေမြင်ပြီး
အခုကိုပြင်လို့ ရသေးတယ်
ဘယ်တော့မှ နောက်မကျဘူးကွယ် ။ 



jasmine

ဟိုရောက်ဒီရောက် (၃) မေ့မရခြင်း

24
| Tuesday, July 17, 2012
ပန်းတွေခင်းတဲ့ လမ်းပဲ ဖြစ်ဖြစ်
ဆူးတွေကြမ်းတဲ့ လမ်းပဲဖြစ်ဖြစ်
လျှောက်ရမယ့် ဘ၀လမ်းပါပဲ 

ဖဲမွေ့ယာ ဖြစ်ဖြစ်
သင်ဖြူးဖျာ ဖြစ်ဖြစ်
အိပ်ရမယ့် ဘ၀ခန်းပါပဲ

ရွှေးချယ်ပိုင်ခွင့် ရှိသူ
ရွှေးချယ်ပိုင်ခွင့် မရှိသူ
တချို့အရာ ကိုယ်တိုင်အဆုံးအဖြတ်
တချို့အရာ ဘုရားသခင် ရဲ့ အဆုံးအဖြတ်
သင်လက်ခံပေးပါ

ပြိုင်ချင်သလောက်ပြိုင်
သင်ထိပ်ဆုံးရောက်ချင်လဲ
သူတပါးကံ 
အသင် ယူနိုင်ပါသလား
တရားသဘောနဲ့
လက်တွေ့ဆန်ဆန်
ဘ၀တွေ ဇာတ်သိမ်းရတာ မြန်လွန်းလှပါတယ်
ဂရုဏာ တရား လက်ကိုင်ထားပြီး
အသင် ဇာတ်သိမ်း ခန်းလေးလှပါစေ ။

(၂၀၀၆ ခုနှစ်ကခံစားခဲ့ရသောခံစားချက်တချို့)
jasmine


မြင်ကွင်းတချို့

20
| Friday, July 13, 2012
ဘ၀မှာ ရတာတွေများခဲ့လဲ
ငါ မလိုအပ်တဲ့အရာတွေပါ
ကိုယ့်ကျိုးစားမှုမပါပဲ
စိုင်ကော်လို့ချုံပေါ်ရောက်ခဲ့ရတဲ့ ဘ၀မျိုး
တခါတစ်ရာဖြစ်စေဦးတော့
ငါ ငြင်းပယ်ရလိမ့်မယ်
တော်ဝင်တဲ့ သဇင်တွေပေါပေမယ့်လဲ
မြေမှာကြွေနေတဲ့ ခရေကိုပဲ
မြတ်မြတ်နိုးနိုး ကောက်ယူနေသူပါ
လူတွေရဲ့ ရိုးသားခြင်းကို
အဆိပ်ခပ်လိုက်တာလဲ
လူတွေပါပဲ
အဲတာ မင်းငြင်းမလို့လား
ရင်ဘတ်ရှေ့ခြမ်းက အကြင်နာကိုပဲ
သူတို့မြင်ကြတယ်
မမြင်နိုင်ခြင်း နောက်ကွယ်
ကျောကုန်းထက်က မာယာတွေ
တပွေ့ တပိုက်ကြီး
မြင်နေရလဲ မသိသလိုလုပ်နေကြတဲ့ သူနဲ့
မမြင်သလိုဟန်ဆောင်ပြီးနေတဲ့ သူနဲ့
အားလုံးကို ငါတွေ့လိုက်ရတယ် ။

ငါတို့ အကြောင်း မကောင်းပြောတဲ့အသံ
ကြားလိုက်ရလို့ လှည့်ကြည့်မိတယ်
ရင်းရင်းနှီးနှီးပါပဲလား ကြွေးတောင်မဆပ်သေး
 နောက်ကြော ဓားနဲ့တေ့လို့
လှည့်ကြည့်မိတယ်    
 နောက်တခု
ချောက်ထဲတွန်းလို့
လှည့်ကြည့်ပြန်တယ်
အရမ်းကို သိတဲ့မျက်နှာတွေ
ရေခဲဝတ်တွေအုပ်လို့
အထုပ်အထည်နဲ့ လူမိဆိုသလို
ပြောင်နိုင်တဲ့ ဒီမျက်နှာ
တောင်ကြည့် မြောက်ကြည့်
ကြောင်တောင်တောင်လို
တတ်လဲ တတ်နိုင်ပါရဲ့နော် ။

ငါ့ရဲ့ အသိစိတ်တွေ
ပိတ်ဆို့ဖို့ မကြိုးစားပါနဲ့
ငါ့ရဲ့ ဖြူစင်ခြင်း အတွက်
မင်းပေးတဲ့ ရောင်စုံခဲတံတွေ
ငါမလိုအပ်ခဲ့ဘူး
မဲနေတဲ့ မင်းသိက္ခာရယ်
တဲတဲလေးကျန်နေတဲ့ မင်းရဲ့
ဂတိတွေကို ဘာနဲ့ ဆေးပြီး
ဘယ်လိုပြန်ဆက်မယ်စိတ်ကူးထားပါသလဲ
ဘယ်လိုပဲဖြစ်ဖြစ်
မင်းစိုက်တဲ့ အပင်
ချဉ်လဲ မင်းအသီး
ချိုလဲ မင်းအသီးပါပဲ
ကမ္ဘာကျော် အဆိုအမိန့်တွေကို
အာဂုံဆောင်ပြီး
ရွတ်ပြနေတာ ခလေးတွေအလုပ်ပါပဲ
မင်းအတွက်နဲ့တော့
ကိုယ့်စိတ်ကို ဖျားနာမှုမပေးချင်ဘူး။

ဘ၀ရဲ့ လမ်းတွေမှာ
လကာင်္ချောစေဖို့ သူ့ထက်ငါ 
လမ်းတွေ ဦးကြ
ဖိနပ်တွေလုကြ
ထီးတွေခိုးကြ
အပြိုင်အဆိုင် 
 စတိုင်တွေက
ခပ်ထွားထွားပေါ့
အဲဒီထဲ မင်းထိပ်ဆုံးဖြစ်နေပါပြီကွယ်။

jasmine




လွင်ပြင်လှိုင်းငယ် ဘလော့ ၁ နှစ်ပြည့် အမှတ်တရ

29
| Wednesday, July 11, 2012
 ကာရံတွေရင်ထဲမှာပျိုးထားပေမယ့် ပြုစုပျိုးထောင်မယ့် ဥယျာဉ်မှူးတစ်ယောက်တော့လိုမှာပါ ။ ကာရံတွေ ကဗျာဖြစ် လူတွေချစ်လာအောင် ပြုစုပျိုးထောင်တဲ့ လင်တော်မောင်လက်စုံဟာ ကျွန်မအတွက်တော့
အားတစ်ခွက်ဖြစ်သလို ကျောက်စက်ရေထက် အေးမြတဲ့ သူ့အပြုံးတွေဟာ အမုန်းမဲ့တဲ့ နှလုံးသားနှစ်ခုရဲ့
တံတားတစင်းလိုပါပဲ ။ ချစ်ခြင်းအတွက်စစ်ခင်းနေတဲ့ ကမ္ဘာမြေကြီးအပေါ်မှာ ကျွန်မတို့နှစ်ယောက်ကတော့
သူကကျွန်မကိုပိုချစ်တယ် ကျွန်မကသူ့ကိုပိုချစ်တယ်နဲ့ နှလုံးသားစစ်သလင်းမှာ အချစ်စစ်ကိုပြိုင်ရင်း
သူကဗိုလ်စွဲလိုက် ကျွန်မက အနိုင်ရလိုက်နဲ့ ချစ်ခြင်းကောင်းကင်မှာ သံယောဇဉ်ကြယ်စင်နဲ့ ချစ်ခြင်းလမင်းက
ထာဝရထွန်းလင်းနေပါလိမ့်မယ် ။
ကျွန်မ သူ့ကိုအရမ်းချစ်ရပါတယ် အဲတာတွေ သူလဲသိပါတယ် ကျွန်မဘာလုပ်ချင်လဲ (ဘာကိုစိတ်ဝင်စားလဲ) မသိတဲ့အရာကိုလဲ သိအောင်ကျိုးစားပြီး ကျွန်မအတွက် သူ အမြဲဆောင်ရွက်ပေးနေတယ်
ကျွန်မ ကဗျာတွေကိုစိတ်ဝင်စားတယ် ကဗျာတွေရေးနေချင်တယ်
အရာရာပေါ့နော် ကျွန်မရဲ့ ရင်ထဲက သံစဉ်တွေ နှလုံးသားထဲက ပုံရိပ်တွေ အရာထင်အောင်
သူ ဦးဆောင်ပြီးပြသခဲ့တယ် ကျွန်မကို အားပေးရင်းနဲ့ သူလဲ စာတွေကဗျာတွေကိုချစ်တတ်လာပြီး
သူကိုယ်တိုင်လဲ ကျွန်မချစ်တဲ့အရာကို ချစ်အောင်ကြိုစားတယ်  (သူလုပ်နိုင်တယ်)
အဲတာ ကျွန်မရဲ့ လမ်းပြကြယ်လေး ကျွန်မရဲ့ စိတ်ဓါတ်များစွာကို ချောက်ထဲမကျအောင်ဆောင်ရွက်ပေးသူကတော့
ကျွန်မချစ်လင် ကိုလွင်ပြင်ပါပဲ ဒီနေ့ ကျွန်မကို တွန်းပို့ရင်းနဲ့ သူလဲ ဘလော့ လောကထဲဝင်လာတာ
၁- နှစ်ပြည့်ခဲ့ပါပြီ (၁ နှစ်သားလေးဘလော့ပေါ့နော်)
ကျွန်မရဲ့ အိပ်မက်တွေ အမြဲအကောင်အထည်ဖော်ပေးပြီး သူကိုယ်တိုင်လဲ စာတိုစာစလေးတွေနဲ့
ပျော်မွေ့လာပါတယ် ကျွန်မကလဲ အဲဒီ အပြုအမူ ကိုကျေနပ်နေပါတယ် စာဖတ်ရင်လဲ ကျွန်မကကောင်းတယ်
ဖတ်ကြည့်ပါ ဆိုရင်သူကလဲလိုက်ဖတ်ပါတယ်
စာပေ ကို စိတ်ဝင်စားခဲ့တာ ကျွန်မ၀မ်းသာရပါတယ်
ဒီနေ့ ၁ နှစ်ပြည့်လေးမှ နောင်နှစ်ပေါင်းများစွာ စာတွေကဗျာတွေ အများကြီးရေးနိုင်ပြီး ချစ်ရပါသော
ဘလော့လေးကိုလဲ ကျွန်မနဲ့အတူ နှစ်တစ်ရာတိုင်မက ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း-----

စာပေအကြောင်း ကဗျာအကြောင်း
တို့နှစ်ယောက်အတူဆွေးနွေးရင်းပေါ့
အသဲလဲမအေးရအောင်
အငြိုးအတေးလဲ မထားရအောင်
ဘ၀တွေ ပျော်ရွှင်စွာဖြတ်သန်း
တခါတရံ မျက်ရည်တွေ ကြွေ
တခါတရံ အပြုံးတွေဝေ
ကြွေရင်လဲ ကဗျာဖြစ်
ဝေရင်လဲ ကဗျာဖြစ်
အဲတာ အချစ် စစ်စစ် နဲ့
ဘလော့လေးကို ပစ်မသွားပဲ
အသဲကြားသိမ်းကာထားလို့
တို့နှစ်ယောက်နဲ့ အတူ ။  ။

jasmine

အလွမ်းကို တန်ဖိုးထားတတ်သူများအတွက်

30
| Monday, July 9, 2012
ကမ္ဘာကို လေညင်း မိတ်ဆက်
သစ်ရွက်တို့ တိတ်တဆိတ်လွင့်ကြွေလဲ
လှတဲ့ ဤကမ္ဘာ ။

ကမ္ဘာကို နေရောင်ထိုး
တိုးတိုးလေးလွမ်းပြီး
မိုးကောင်းကင်ကို မော့မော့ကြည့်လဲ
မြင်နေရတာ
လှတဲ့ ဤကမ္ဘာ ။

ကမ္ဘာကို လရောင်မိုး
မလင်းတလင်းညကို
ကြယ်တွေသွန်ဖြိုး
မထင်မှတ်တဲ့ 
နှစ်လုံးသား နှစ်ခုကတော့
အလွမ်းမိုးတွေ ရွာမလိုပေါ့ကွယ် ။

ကမ္ဘာကြီး ဘယ်လိုဖြစ်နေပါစေ
ချစ်ရသူ သက်ထား 
လွမ်းရတဲ့ အလွမ်း
အမြဲ ခုံမင်နှစ်သက်စွာနဲ့
မေ့မပစ်ရက်ဘူးကွယ် ။

ဒီအလွမ်း
ဘယ်သူမှ သိစရာမလိုပါဘူး
ရင်းနှီးခဲ့တဲ့ နှစ်လုံးသားနှစ်ခု
အသိအမှတ်ပြုရင် ရပါပြီ ချစ်သူ ။

ကမ္ဘာကို မုန်တိုင်းထန်
ချစ်သူကိုလွမ်းတဲ့အကြိမ်တိုင်း
နှလုံးသားတွေ တစစ်စစ်နာလဲ
မင်း ကိုလွမ်းတဲ့အလွမ်းတွေကို
အပို အလိုမရှိတဲ့ နှလုံးသားထဲ
အပေါက်အပြဲ ဖြစ်နေစေတော့
အမြဲ ပျော်ရွှင်စွာနဲ့
ထုပ်သိမ်းထားပါရစေ  ချစ်သူ ။

(ချစ်ရသူကို သိပ်ချစ်ခဲ့ရလို့ လွမ်းနေတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်
ရေးဖွဲ့ခြင်းသာဖြစ်ပါသည်)

jasmine

ပျိုမြစ်တဲ့ ချစ်ခြင်း

31
| Friday, July 6, 2012
ဖြစ်သမျှ အကြောင်း
အကောင်းတွေပါပဲ
အပေါင်းအသင်းတွေလဲ
လက်ကုန် ခြေပန်း
ကူညီချင်တဲ့စိတ်တွေလဲ
ကုန်ခန်းနေပြီလေ
အမှောင်ပြီးရင်အလင်း
ညတွေဖြတ်သန်းပြီးရင်နေ့ တဲ့လေ
ငါ့ရင်ထဲမှာတော့
ကဗျာပြီးရင်ကဗျာတွေပါပဲ ။

တခုခု ကိုအကောင်အထည်ဖော်မလို့ပါပဲ
ပြိုပျက်ခြင်းတွေကလဲမြန်လိုက်တာ ။

သူ့ရင်ဘတ်နဲ့ ကိုယ့်ရင်ဘတ်
ဘယ်တော့များ ထုတ်ချင်းပေါက်မြင်နိုင်မလဲ
စဉ်းစားရင်းနဲ့ အချိန်တွေကုန်
ဖြူစင်မှုတွေဖုန်တက်ခဲ့ရတယ်
ကံဆိုးမှုတွေမရှောင်နိုင်လို့
သံယောဇဉ်တွေလဲ ပုတ်သိုးခဲ့ရတယ် ။

လွယ်မယောင်ထင်နေရပြီး
အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်
တိမ်မယောင် နင်ထင်နေတဲ့
နက်ရှိုင်းတဲ့ ငါ့ အကြင်နာ
မင်းရင်ထဲ မထားပဲ
စွန့်ပစ်ဖို့ ကြိုးစားနေတာ
ဘယ်သူ့အမှားလဲ ။

ချစ်သူရေ   နောက်ဆုံးတော့
နှလုံးသားတွေမှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့
ချစ်ခြင်းတရားတွေအပြည့်ပါကွယ် ။ 


(အသဲကွဲနေပါတယ်ဆိုတဲ့ သူငယ်ချင်းအတွက် )

jasmine


ကဗျာတို(၆)

22
| Wednesday, July 4, 2012
ချစ်သူ
အောက်ပါအကြောင်းအရာများ
အသေအချာရှိနေခဲ့တာကို
ယုံပေးပါနော်

( ကောင်းကင်မှာတိမ်တအုပ်
လက်ထဲမှာ စံပယ်တဆုပ်
 သေချာထုပ်ပြီး သိမ်းထားတာက
ချစ်သူအတွက်  
 ရင်ထဲက  ကဗျာတပုဒ်)

jasmine

အပျော်ချစ်နဲ့ အဖော်ဖြစ်နေသူ

26
| Saturday, June 30, 2012
သိက္ခာတွေ ခါးသက်သက်
ရှိနေခဲ့တဲ့ မင်းရဲ့ အချစ်တွေကလဲ
ပေါ့ပျက်ပျက်ဖြစ်နေတာပေါ့
ပတ်ဝန်းကျင်နဲ့မင်းက
နွေနဲ့ဆောင်းလို
ပြောင်းလဲမရ
ချောက်နက်နက်ထဲကျနေတာက
မင်ရဲ့ အတ္တ
စုန်းစုန်းမြုပ်နေတာက
မင်းရဲ့ မာန
ဘ၀မှာ ရသဆိုတာလဲမရှိ
သမုဒယ လဲမသိ
အပြုံးတုတွေကိုခုတုံးလုပ်ပြီး
လူတွေရဲ့ အမုန်းကိုဥပေက္ခာပြုတတ်ပါရဲ့
သူတကာကို
အထင်သေး အမြင်သေးတဲ့
အကြည့်နဲ့ ရစရာ မရှိအောင်ဝေဖန်
တတ်သေးရဲ့ 
အကြံ အဖန်တွေပေါတဲ့
မင်းရဲ့ ချစ်သူဆိုသူများနဲ့ဝေးပြီး
အချစ်စစ်အချစ်မှန် အမြန်တွေ့ပါစေလို့
ဆုတောင်းရင်းပေါ့ ။ 

jasmine


နှလုံးသားသွေးနှင့်ရေးသည့် ဒိုင်ယာရီ

30
| Thursday, June 28, 2012
တကယ်တော့ အမှတ်တမဲ့နဲ့ တွေ့ဆုံခြင်းမှာ အမှတ်တရ နှလုံးသားဒိုင်ယာရီတအုပ်ဖြစ်ခဲ့
မယ်လို့ ယုံတောင်မယုံခဲ့ဘူး။  ဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကို
နှလုံးသားခိုင်းစေသည့်အတိုင်း မသွေမတိမ်းလိုက်နာဆောင်ရွက်ခဲ့တာပဲ။
သက္ကရာဇ်တွေ ခြစားသွားပေမယ့် မပြတ်တွေးနေ သတိယစရာတွေကတော့ ဘယ်အချိန်ရောက်ရောက်
ရင်ထဲမှာအောင်းနေတဲ့ ငုပ်ကောင်လေးတစ်ကောင်ပေါ့။ဒို့နှစ်ယောက်ရဲ့ နှလုံးသားစကားတွေဝိုင်းဖွဲ့ပြောတတ်တဲ့ အိုအေစစ်ကျူရှင်ရှေ့က အုတ်ခုံလေးလဲ အခုတော့ ဘယ်သူတွေအတွက်
ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။  ခုံတန်းလေးရဲ့ကျောဖက်က မြတ်လေးပန်းရုံလေးကတော့ အရင်အတိုင်း ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။  ပြောင်းလဲခြင်းတွေမှာနင့်ချစ်ခြင်းတွေပါ ဟောင်းနွမ်းသွားမှန်း
ငါသိလိုက်ချိန် နှလုံးသားရဲ့ သွေးမျက်ရည်တွေ ဒိုင်ယာရီမှာ စွန်းထင်ခဲ့ရတယ် ။  အတူလျှောက်ဖူးတဲ့
လမ်းတွေမှာ အချိန်အခါမဟုတ် သစ်ရွက်တွေကြွေနေသလိုပဲဟာ။  တခါတလေ လမ်းလျှောက်ရင်း ငါ့လက်တစ်ဖက်ပုံမှန်မဟုတ်ဘဲ ဘေးကိုထွက်ပြီး နင့်လက်ကလေးကိုတွဲထားသလိုနဲ့
ငါရင်ခုန်နေပေမယ့် ဘေးကဖြတ်သွားတဲ့လူတွေရဲ့ တစ်ယောက်ထဲပြုံးပြီး ၀ိဥာည်နဲ့လမ်းလျှောက်နေသလိုပဲ ဂေါက်နေလားမသိဘူးဆိုတဲ့ မှတ်ချက်မှာ ငါ့လက်တစ်ဘက် ပြန်ကျပြီးပုံမှန်ဖြစ်တော့မှ
ဒီအချိန်ဆို နင့်လက်တစ်ဖက်ကိုတွဲပြီး နင်တို့နှစ်ယောက်ပျော်နေမှာပေါ့နော်။

အခုတော့ ငါ့ဘေးနားမှာ နင့်ရဲ့ အငွေ့အသက်တွေမရှိပေမယ့် နေထွက်က နေ၀င် အိပ်မက်ထဲမှာတောင် နင်က ငါ့ရဲ့လွမ်းစိတ်ဝတ်ရုံကြား ကြမ်းပိုးတစ်ကောင်ဝင်သလိုပဲ အမြဲနှိပ်စက်နေပါလားဟာ။
နင်နဲနဲတော့များနေပြီ။ နင်ပေးခဲ့တာ နာကျင်ခြင်းဆိုပေမယ့် ကြင်နာခြင်းအကြောင်းတွေပဲ ပြန်ပြန်သတိယပြီး နာကျင်ခြင်းက ရင်ထဲမှာမရှိခဲ့ပါဘူး။  ကြယ်တွေကြွေတာမြင်ရင် ငါသေနေပြီးလားဆိုပြီး
ကိုယ့်ပါးကိုယ်ရိုက်ပြီး တစ်ယောက်တည်းအရူးဖြစ်နေမိတယ်။ကြယ်ရောင်တွေကင်း လရောင်မလင်းတဲ့ညထက် နင်မရှိတဲ့ငါ့ဘ၀ကတော့ ပိုပြီးခြောက်ချားစရာကောင်းတဲ့ သရဲမကြည့်ရဲတဲ့
သရဲကားထက်ပိုပြီး ကြောက်စရာကောင်းပါတယ်ဟာ ။
တခါတလေ ဘ၀သစ်မှာ အချစ်သစ်ကနင့်ကို ငါ့လိုများကြင်နာပါ့မလား အလိုလိုက်အကြိုက်မဆောင်ပဲ အတိတ်ကအကြောင်းတွေတူးဆွပြီး နင့်ကို အနိုင်ယူဗိုလ်ကျ လိုသမျှယူပြီး
ပိုနေတာ နင့် ဘ၀ဆိုပြီး ပစ်သွားမလားအတွေးတွေနဲ့ပေါ့။  တခါတလေ မနက်မိုးသောက် အလင်းရောက်ပြန်လဲတရေးမှ မအိပ်လိုက်ရတဲ့အသိတွေ များများလာတယ်။  တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မတော်တဆ ချောလဲပြီး အပျော်တွဲခဲ့လေသလားတောင် မတွေးချင်ပဲ တွေးနေမိတယ်။
ငါ့မှာတော့ ရင်နဲ့မဆန့်တဲ့ အလွမ်းတွေ ကာရံတွေကလဲ နှလုံးသားကိုလာ လာပြီးပိနေပြီးကဗျာတစ်ပုဒ်နဲ့ရုန်းထဖို့အင်အားတောင် ပျောက်ဆုံးနေပြီ ။
ဒါပေမယ့်လဲ ဘာပဲ  ဖြစ်ဖြစ် ဘယ်လိုအကြောင်းပဲရှိရှိ ငါကတော့ နင်နဲ့ ပတ်သက်ပြီးငါ့ နှလုံး သွေးစက်နဲ့ရေးခဲ့တဲ့ကဗျာတွေကိုပဲအမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။

အထက်ပါပိုစ့်လေးသည် jas ပထမဆုံးရေးသည့် အက်ဆေးဖြစ်ပါသဖြင့်အမှားအယွင်းများစွာရှိနေပါမည်
စာဖတ်သူများနားလည်စွာခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

(၁၉၈၆ ခုနှစ်တွင်ခင်မင်ရင်နှီးခဲ့ဖူးသည့် သူငယ်ချင်းတစ်ယောက်အားရည်ညွှန်းရေးဖွဲ့ထားပါသည်)
jasmine

ချစ်သူပေးသော ကဗျာ

31
| Monday, June 25, 2012
မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။

ဆောင်းညရှည်မှာ
အိပ်မက်ဆိုးတွေ တိုးတိုးပြီးမက်လဲ
ဇာတ်သိမ်းအိပ်မက်ဆိုးမှာ
နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။

ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ် 
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။

jasmine

ဘုရားသခင်ရဲ့ လက်ဆောင်

27
| Friday, June 22, 2012
ဘာကြောင့် ကဗျာတွေရေးတာလဲ?
အဲဒီမေးခွန်း အတွက်
ခြေလှမ်းနဲနဲ ယိုင်ခဲ့ဖူးပါတယ်
မမျော်လင့်တဲ့မေးခွန်းဖြစ်ခဲ့လို့ပါ ။

ကျွန်မရဲ့ ရင်ခုန်သံတိုင်း
အလွမ်းရနံ့တွေ ပါပါနေတယ်
တအိအိ တဖွဲဖွဲ နဲ့
စွေတဲ့မိုးကိုလဲ မုန်းတယ်
မိုးပီသစွာ ရွာချလိုက်စမ်းပါ
တ၀ုန်းဝုန်းနဲ့ပေါ့ ။

စိန်တွေကို မီးခံသေတ္တာထဲ 
သိမ်းလို့ရပါရဲ့ကွယ်
စိတ်ခံစားချက်တွေကို
ပိတ်လှောင်လို့ရတဲ့ အရာ မဟုတ်ဘူး
ဖွင့်ပေးလိုက်စမ်းပါ
နှလုံးသားက ခံစားချက်တွေ
ကျလာလိမ့်မယ် ။

အရှုံးတွေနဲ့ကြုံရလဲ
ချစ်သူနဲ့
ပတ်သက်တဲ့ငါ့ အပြုံး
အမြဲရှင်းသန့်နေတယ်
မုန်းသူတွေတိုက်ခိုက်လဲ
စံပယ်ရနံ့ ထာဝရသင်းပျံ့လို့လေ
လမ်းလျှောက်ရင်းလမ်းမှားဖူးတယ်
လမ်းလျှောက်ရင်းနဲ့ပဲ လမ်းပျောက်ဖူးတယ်
ခဏခဏ ပါပဲ
လကွယ်ည
မကောင်းဆိုးဝါးပါတဲ့
အိပ်မက်လဲ 
မကြာခဏ မက်ဖူးပါတယ်လေ
သို့ပေသော်လဲ
ချစ်ရသူ အားပေးစကား
ရင်ထဲထားလို့
အမှားတွေ ပြင်နိုင်ခဲ့ရတယ်
နှလုံးသားထဲ
စီးဝင်လာတဲ့
ချစ်သူရဲ့ ဂီတသံ သဲ့သဲ့
ရင်ထဲက စာသားများ
နူးညံ့တဲ့လက်ကွက်တွေ
သံစဉ်တွေဖြစ်ပြီး
အမြဲကြားနေရတဲ့
ခု ငါ့ဘ၀ပါပဲ
ဘုရားသခင်ပေးတဲ့
အကောင်းဆုံးလက်ဆောင်ပေါ့နော် ။

jasmine



ဟိုရောက်ဒီရောက် (၂)

30
| Wednesday, June 20, 2012

အထာပိုတယ်ဆိုတာ
မနာလိုသူ မျက်လုံးရဲ့
ကောက်ကျစ်တဲ့ မျက်ဝန်းကြောင့်
မြင်ရတဲ့ အမြင်တစ်ခုပါ ။

မနာလိုမှုရှိနေတယ်ဆိုတာ
အရည်အချင်းကလဲ
အတင်းအဖျင်းနဲ့
ဘွဲ့ရထားသူရဲ့
သင်ခန်းစာ တချို့ပါ ။

အတင်းအဖျင်းဆိုတာ
အရင်းစိုက်စရာမလိုတဲ့
အချိန်ပေါများသူတို့ရဲ့
ပေါ့ပျက်ပျက်
အခမဲ့ ဂျာနယ်တစ်စောင်ပါ ။

အချိန်ဆိုတဲ့
သေဖို့ နီးနီးလာတဲ့
အချက်ပေး ခေါင်းလောင်သံကို
အများတကာရဲ့
အတင်းအငြင်းနဲ့ အသက်ထွက်ရင်တော့
ထိုသူက အသက်ရှင် လူဖြစ်ရတာ မတန် ။

jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine