Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သံယောဇဉ် သစ်ပင်လေးသို့

23
| Sunday, June 17, 2012
အရင်က ချစ်သူ
ခုတော့ တမူထူးခြား
သံယောဇဉ် အများအပြားနဲ့
လင်တော်မောင်ပါတဲ့ ။

ရာသီတွေပြောင်း
နှစ်များစွာဟောင်း
အပြောင်းမလဲ
ဒီရင်ခွင်
မတောင်းပဲ ရ နေတဲ့
အကြင်နာတွေ
တပွေ့တပိုက်
မေတ္တာတွေကလဲ
မြစ်ရေလို
တသွင်သွင် စီးဆင်းမြဲပါပဲ ။

ထိုးနှက်မှုကင်းတဲ့
အတွယ်အတာနဲ့
ရင်မှာ အချစ်သစ်ပင်ပျိုးကာ
တိုးပြီးရင်းတိုးတဲ့
နားလည်မှုများကို
မနက်ဖြန်ပေါင်းများစွာအတွက်
သိမ်းဆည်းထားပါ့မယ် ။

jasmine


သေချာသိမ်းထားတဲ့ အလွမ်းများ

30
| Wednesday, June 13, 2012
ချစ်သူရေ
အကြင်နာတွေ ဝေဖြာခဲ့ဖူးတဲ့
ဂ န္တ၀င် နေ့ရက်များ
နှလုံးသားမှာ ထင်ကျန်နေတဲ့
သံယောဇဉ် အချိန်များ
တမ်းတမ်း တတ ရှိနေပါရဲ့လေ
ဘယ်နေရာ သွားသွား
မင်းအကြောင်းတွေးမိသေးတယ်
ဘယ်အချိန် ဖြစ်ဖြစ်
မင်းကိုလွမ်းမိသေးတယ်
အဲတာတွေကြောင့်လဲ
ကဗျာတွေ ရင်ဘတ်ထဲက 
ထွက်ထွက်လာနေခဲ့တာပေါ့
အရေပေါင်းစုံခြုံထားတဲ့
ကမ္ဘာကြီးထဲမှာ
ငါ ကဗျာအရေလဲ မခြုံခဲ့ဘူး
စာအရေလဲ မခြုံခဲ့သူပါ
ဟန်ဆောင်မှုတွေကိုလဲ
ခ၀ါချပြီးသား
နောက်ပြီး    မင်း ကိုလွမ်းတဲ့အခါ
အရေတခုကိုတော့
စွဲစွဲ မြဲမြဲ ခြုံလိုက်မိတယ်
ခိုင်မြဲတဲ့ ကြင်နာခြင်းတွေ
ဘယ်တော့မှ ယိုင်လှဲမှာ မဟုတ်တဲ့
မုဒိသာ
သူငယ်ချင်း မိတ်ဆွေတွေပေါ်ထားတဲ့
ဖြူစင်ရိုးသားတဲ့ မင်မင်မှုတွေပေါ့
တခါတလေ နွမ်းနယ်မှုတွေများခဲ့တယ်
ခံစားချက်အင်အားတွေလဲ
လျှော့ကျလာသလို
နှလုံးသာ ရဲ့ခံနိုင်စွမ်းလဲ နတ္တိ
ကဗျာတွေတော့
နှလုံးသားရဲ့ ဟိုထောင့်
ဒီထောင့် ကနေ
စက္ကန့်ခြားတိုင်း
နဲနဲ စီတော့ထွက်လာတယ်
အတွေးတွေခပ်တိမ်တိမ်ဖြစ်နေချိန်လဲ
အတွယ်အတာတွေ မှိန်မသွားခဲ့ဘူးနော်
များလာတဲ့အလွမ်းတွေကိုလဲ
သေချာထုပ်သိမ်းထားပါရဲ့ကွယ်။


(သူငယ်ချင်းတယောက်၏ ခံစားချက်များကို
ရင်ဘတ်အဌားနဲ့ပုံဖော်ပြထားပါသည်)
 jasmine cho

အလွမ်းမိုးစက် ကဗျာတွေတိုးကာဖက်

35
| Wednesday, June 6, 2012
အော်
အလွမ်းမိုးစက်တွေ
တဖျောက်ဖျောက်နဲ့ကျနေလေတော့
ကဗျာတွေ တိုးပြီးရင်း တိုးလို့
ရင်ဘတ်ထဲထိုးဖောက်ဝင်လာပြန်ရော
ကာရံတွေမိုးထားတဲ့
ကောင်းကင်ပျိုမှာ
ညိုတိုတို
သံယောဇဉ် တိမ်တောင်ထုတွေက
စိတ်ဆိုး မာန်တိုး
အငြိုးများနဲ့
ဖွဲ့နွဲ့ကာ
ကြလိုက်ပြန်တော့
ဝသန်ရာသီ
အလွမ်းမိုးစက်တွေ
တဖွဲဖွဲဆိုပေမယ့်လဲ
ကဗျာတွေ သည်းသည်းမည်းမည်း
ဒီရင်ခွင်ထဲ
တောက်လျှောက်ရောက်လာပါရဲ့လေ
ပန်းကဗျာလေလား
အလွမ်းကဗျာလေပဲလား
ခွဲခြားမသိလဲ
ရင်ဘတ်ထဲထိအောင်သူရောက်ခဲ့ပါရောကွယ်
အကြင်နာတွေပြပြပြီးလဲ
သံယောဇဉ်မိုးစက်တွေ
သူဖန်ဆင်းတတ်နေပြီ
အုံ့အုံ့ဆိုင်းဆိုင်း
မိုးသားတိမ်ထုထဲ
နေရောင်ခြည်
မကျဲတကျဲလေးတိုးဝင်လာခဲ့ရင်
ချစ်သူကိုတမ်းတတတ်နေပြီး
နှလုံးသားထဲအလွမ်းတွေ
တငွေ့ငွေ့ကျန်နေပြန်ပြီ
မင်းရင်ဘတ်အခွံကြီးသက်သက်အရောက်လာခဲ့လဲ
ချစ်သူ ငါ့ နှလုံးသားထဲမှာ
မင်းအတွက် ကဗျာတွေအများကြီးပါကွယ် ။


jasmine cho


နှလုံးသား မတူသူများ

28
| Monday, June 4, 2012
ငါ့ ဘဝ
ငါ့ ဖြစ်ရပ်
ငါ့ အကြောင်းထဲ
မကြာခဏ
ရောက်ရောက်လာပြီး
ခေါက်တုံ့ခေါက်ပြန်
အားမနာ လျှာမကျိုး
ဝေဖန်အမိန့်ပေးသံနဲ့
ကောင်းကင်က မြေပြင်ကိုငုံကြည့်သလို
ငါ့ကိုလာလာပြီး မကြည့်ပါနဲ့
တောင်းပန်ပါတယ် ။


လှပတဲ့ တောင်ပေါ်မြို့
မင်းရောက်ခဲ့သလား
ရိုးရာမပျက်တဲ့ အင်းလေးကန်အလှ
မင်း မြင်ဖူးခဲ့သလား
လမ်းဆုံး ရွာမတွေ့
နေရာဒေသကို
အထာကြီးနဲ့ ဆရာကြီးစကားတွေ
လာလာပြီးမပြောပါနဲ့
ချိုနေတဲ့ နား
မခါးရအောင် ဝေးဝေးကသာ
ရှောင်သွားပါလား။
ဘယ်လိုပဲပြောပြော
သဘောမပေါက်ဘူးဆိုရင်တော့
ကျွဲနား စောင်းတီးခဲ့တဲ့
ကျွန်မပါပဲ
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
ရှိစေတော့ ။

လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။

jasmine

စံပယ်ချစ်လင် ကိုလွင်ပြင်မွေးနေ့ အတွက်ဆုတောင်း ကဗျာ

41
| Thursday, May 31, 2012


မနက်တိုင်းပြတင်းပေါက်ကို
ဖွင့်လိုက်ပြီး
စဉ်းစားမိတာ
ရင်မှာ နှိုင်းမရ
အတိုင်းအဆမဲ့တဲ့
ချစ်သူရဲ့ အကြင်နာ
ရင်နာစရာအကြောင်း
လုံးဝ   မရှိခဲ့ဘူးနော် ။

ချစ်ခြင်းတွေ အတွက်
အပြစ်များလဲ ကင်းခဲ့သူ
မိတ်ဆွေ သူငယ်ချင်းများကိုလဲ
ယုံကြည်စွာ ခင်မင်တတ်တဲ့ 
ကျွန်မရဲ့ချစ်သူ
သူ သာလျှင် ကျွန်မဘဝ
သူ သာလျှင် ကျွန်မ ကမ္ဘာ
မကောင်းတဲ့ မိတ်ဆွေ
သူ့နောက်ကြော ဓါးထက်ထက်နဲ့
တေ့ထားလဲ ဖြူစင်စွာ 
ခင်မင်နေဆဲပါပဲ ။
ချစ်ခြင်းတွေ ရင်ဘတ်ထဲသိမ်းထားပြီး
သစ္စာတရား စိတ်ထဲ အမြဲထားလို့
စိတ်ညစ်စရာများ
တစ်ယောက်ထဲ ကြိတ်ခံစားကာ
ပျော်ရွှင်စရာတွေကို
ဝေငှတတ်တဲ့
ဖြူစင်စိတ်ထား
ချစ်သူနှလုံးသား
ဘယ်တော့မှ အမုန်းတရားမရှိခဲ့ဘူးနော် ။

တခါတရံလွှဲချော်သွားတဲ့
ဘ၀လမ်းကြောင်းတွေကိုလဲ
အပြုံးမပျက် အမုန်းလဲ မဖက်ပဲ
စိတ်ဓါတ်တွေခိုင်မာခဲ့တဲ့
ကျွန်မရဲ့ချစ်သူ
မွေးနေ့မွေးရက် ဒီရက်မှ
နောင်နှစ်ပေါင်းများစွာ
မိမိ တတ်နိုင်သမျှ
ကောင်းကျိုးအဖြာဖြာ
ရာသက်ပန် ဆောင်ရွက်နိုင်ပါစေလို့ ။

အပေါ်ကရေးထားတဲ့ ကဗျာလေးကတော့
လွင်ပြင်ချစ်မယား စံပယ်ချိုရင်ထဲက စကားများသာ
ဖြစ်ပါသည် ။     ။


၁-၆-၂၀၁၂တွင်ကျရောက်သော မွေးနေ့ရှင်
စံပယ်ချစ်လင် ကိုလွင်ပြင်   မွေးနေ့ အမှတ်တရ ။

နွေကုန်မိုးရောက်

25
| Thursday, May 24, 2012
နှလုံးသားတွေ
စုတ်ပြတ်သပ်အောင် ပူတဲ့  နွေ
အိပ်ယာထဲ ခွေနေလို့
မကောင်းတဲ့  နွေ
မြေပြင်မှာ
တင်နေတဲ့ နှင်းစက်တို့ဝေးပြီး
ရွက်ခြောက်တွေ ပြည့်နေတဲ့  နွေ
အပင်အိုတွေ
အရိုး ပြိုင်းပြိုင်း နဲ့
အလှခြင်းပြိုင်တဲ့  နွေ
လေပြေ ရိုင်းရိုင်းကြောင့်
စိန်ပန်းပြာတို့ကြွေတဲ့  နွေ
အလွမ်းတွေ ဘောင်ခတ်မရအောင်
ရင်ဘတ်ထဲက နှလုံးသားထိ
ပူနေတဲ့  နွေ ။

ခုနေပြန်တော့လဲ
ဒီနွေကို နုတ်ဆက်
အပူတွေ အဟုတ်ကိုထွက်ပြေးရတော့မယ့်
မုတ်သုန်မိုးပြေး
တဖြေးဖြေးနဲ့
ရက်ခြား ရက်ခြား
အတွက်မမှားစေပဲ
တိတိကျကျ
ပက်ဖြန်းစေလို့
ပန်းတွေလန်းဆန်း
စိတ်တွေလဲ အပန်းပြေ
အေးအေးချမ်းချမ်းနဲ့
လိပ်ပြာမောင်နှံလဲ
အနမ်းတွေ  ဝေပြီကွယ် ။

jasmine cho

ဖြူစင်မှုတွေ အားပေးပါ

27
| Saturday, May 19, 2012
လက်ကမ်းမမှီတဲ့ 
မျော်လင့်ချက်တွေ အတွက် 
ပူဆွေးဝမ်းနဲ ဖြစ်မနေပါနဲ့
သောကအထွေထွေဆိုတာ
မဖိတ်ခေါ်လဲ
လောကအလယ်
ရောက်လာတတ်တဲ့အရာပါပဲ။

ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။

ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့ ။

မချစ်တတ်သူ မခံစားတတ်သူ
မစွန့်ကြဲတတ်သူ မဖြစ်ရလေအောင်
အမြဲစဉ်းစား အသည်းမှာထားပြီး
အမည်းစက်မစွန်းစေဖို့
တို့တတွေ ညီညွှတ်ကြပါစို့ ။

jasmine cho

ရွာပြင်ထုတ်ပွဲ

29
| Friday, May 11, 2012
ခပ်မြူးမြူးပါပဲ
နေရာသစ်ကိုရောက်လာပြီး
အရူးဇာတ်တွေခင်း
သိက္ခာတွေ မဖြောင့်စင်းလဲ
ရုပ်တည်တည်နဲ့
မရှိတဲ့ အထုပ်တွေ
ဖြေပြီးရင်းဖြေ
ကြေပြီးရင်း ကြေနေတာက
မင်းရဲ့ မကောင်းတဲ့ အကျင့် ။

မရေရာတဲ့ ကံကြမ္မာကို
သိခဲ့ပါရဲ့
ဒီ့ အတွက်လဲ
ဝမ်းလဲ မနဲ
သေချာပြီး
ကောင်းမွန်တာ
ဘာတစ်ခုမှ မဖြစ်လဲ
မချိပြုံးနဲ့ ငါမရှုံးဘူး
အပြုံးတုတွေနဲ့
ဘ၀ကိုအဆုံးသတ်ချင်သူ ။

နှစ်ပါးသွား ဂွင်မကျ 
သကြားမင်းလဲ မကယ်နိုင်
လူတကာ အမုန်းတွေသောက်သုံး
မင်းနဘေးက ခပ်တုံးတုံး ကောင်က
အကြောင်းမသိတဲ့
လူသစ် တစ်ယောက်ထင်ပါရဲ့ ။

အမှာအယွင်းတွေများနေတဲ့ ဘဝ
လေလွင့်နေတဲ့ 
မြေခွေး တစ်ကောင်ရဲ့ စိတ်ဓါတ်နဲ့
Q လို့ရတာတွေ Q
ယူလို့ရတာအကုန်ယူ
ချူလို့လွယ်ရင်ချူ
ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
တစ်စက်ပြီး  တစ်စက်
မင်းရဲ့ ဘ၀ ခက်ပြီးရင်းခက်
နာမည်တွေ ပျက်ပြီးရင်း ပျက်နေလို့
ပတ်ဝန်းကျင်က
မင်းလေးကို ရွာပြင်ထုတ်လိုက်ပြီ ။


စံပယ်ချို


ဟိုရောက်ဒီရောက်

35
| Friday, May 4, 2012
ခံစားချက်တွေက ရင်ဘတ်နဲ့မဆန့်တော့ဘူး
ဝေးရမှာကြောက်တဲ့စိတ်
နှလုံးသားထဲကနေ လျှံကျနေလေရဲ့
ချစ်သူရယ်
ဘယ်ဘ၀ ဘယ်သံသရာထိများ
နာကျင်ခြင်းတွေခံနေရမလဲနော် ။

သံယောဇဉ်တွေကို
အရှည်ကြီးဆွဲချပြီး
စံပယ်ပန်းလှလှ တစ်ပွင့်တော့
ချစ်သူအတွက်ခူးပေးပါရစေနော် ။

သက္ကရာဇ်တွေဖြိုချလိုရခဲ့ရင်
ဒီကမ္ဘာမှာ
ချစ်သူအပျော်ဆုံးပေါ့ကွယ် ။

မှော်ဆရာ တစ်ယောက်ဖြစ်ချင်မိတယ်
လိုချင်တာတွေများနေလို့
ချစ်သူနဲ့ပတ်သက်ပြီး
တရားလဲ မရှိ
ဓါးလဲ မရှိ
အမှားတွေလဲ မရှိဘူးနော်
အချစ်နဲ့ စစ်
ဘယ်သူမှ အပြစ်မရှိ
အားလုံးမှန်တယ်တဲ့ ။

ရင်ဘတ်တံခါးကို
ခဏခဏ လာ လာပြီး
မခေါက်ပါနဲ့
ကိုယ့်ရင်ဘတ်
 ဟောင်းလောင်းပေါက်မဟုတ်ဘူးနော်
ကြင်နာခြင်းတွေ အပြည့် ။

ချစ်ရတဲ့ သူအတွက်
ကဗျာတွေရေးချင်ပါရဲ့
မော်ဒန် မဟုတ်
ကာရံ မမှီ
နှလုံးသားထဲမှာတော့
သံယောဇဉ်တွေက
အစီ အရီ ။

အရှုံးဆိုတာ
နှလုံးအေးစေသတဲ့
ဟုတ်ရဲ့လား
ချစ်သူကိုရှုံးမှတော့
ဒီ နှလုံး အေးပါ့မလား
အဲတာကြောင့်လေ
နှလုံးလဲမအေးချင်နေပါ
အရှုံးလဲ မပေးဘူးဆိုတာ
ချစ်သူ မှတ်ထားပေးပါကွယ် ။


(ဟိုရောက်ဒီရောက် ကဗျာလေးပါ)
jasmine

တကယ်ပါ ရင်ထဲကစကား

28
| Saturday, April 28, 2012
တကယ်ပါ
ရင်ဘတ်ထဲက 
အကြင်နာတွေ
ချစ်သူနဲ့တွေ့စဉ်
ဖိတ်ကျနေခဲ့တယ် ။

တကယ်ပါ
နှလုံးသားထဲက
သစ္စာတရား
ချစ်သူနဲ့တွေ့စဉ်
အထားမမှားပဲ
ချစ်သူဆီသို့သာ ။

တကယ်ပါ
နုတ်ခမ်းချိုချို
ဘာမှ အပိုမပါပဲ
ချစ်သူကို
သိုးမည်းတွေထဲကနေ
ဖြူစေချင်ခဲ့တာ ။ 

တကယ်ပါ
ဖောက်ပြန်တတ်တဲ့
ပတ်ဝန်းကျင်ထဲ
အဟုတ်အမှန်နေတတ်စေဖို့
လမ်းညွှန်မှုတွေ
ပေးမိတာပါ ။

တကယ်ပါ
လူတွေရှင်ရက်
သေနေကြတာ 
ကိုယ့်ကိုကိုယ်မသိ
ဂတိတွေလဲ မရှိ
ချစ်သူ
သေချင်သေပါ
ချစ်သူနာမည်
လောကကိုအလှဆင်
ခြေနင်းခံ မြက်ပင်အလား
နင်းပြားဘဝ
နေမယ်ဆိုနေပါ
နာမည်တွေကတော့
လှပပါစေ
နာမည်တွေကတော့
မသေပါစေနဲ့နော် ။

တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။

jasmine

မိုးတိမ်ပြိုအောက်က ငိုနေတဲ့သူ

27
| Tuesday, April 24, 2012
အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ
မိုးတိမ်တွေ ပြိုတော့လဲ
ငိုလို့ကောင်းတာပါပဲ ။
မကောင်းတာကတော့
မကောင်းဆိုးဝါး ပါဝင်နေတဲ့
အိပ်မက်
အမြန်ဆုံးမိုးလင်းပြီး
မကောင်းတဲ့အရာအားလုံး
ပျက်သုန်းပါစေတော့ ။

ကြင်နာခြင်းတရားတွေက
သေနတ်ထဲက ကျည်ဆံ
ထွက်သလို
ဒိုင်းကနဲ မြည်ပြီး
ပျောက်သွားမှာ မဟုတ်တဲ့အရာလေ ။

မင်းနဲ့ပတ်သက်တဲ့
လေပြေလေညင်း တချို့တလေရှိပါရဲ့
အဲတာတွေကလဲ
ဧည့်သည်လိုပါပဲ
ခဏ လာတယ်
 ပြီးတော့ပြန်ထွက်သွားတယ် ။

jasmine 



Friends18.com Orkut Scraps

အနာဂတ်လမ်း

30
| Thursday, April 19, 2012


အကြင်နာတွေ
မယို မဖိတ်လဲ
တိတ်တိတ်လေးနေတတ်ပါတယ်
ဒါဏ်ရာတွေကို
သိုသို သိပ်သိပ်နဲ့
လူတွေ မသိအောင်
သိမ်းထားတတ်နေပြီ
နာကျင်ခြင်းတွေကိုလဲ
ကြင်နာခြင်း အဖြစ်သို့
ပြောင်းလဲတတ်ပါတယ် ။

အရိပ်ဆိုးတွေကတော့ 
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်
အတိတ်မှာ ထားခဲ့လို့လဲမရ
ချစ်သူရဲ့ အတ္တဆူး
ရင်ထဲကိုစူး
နှလုံးသားထဲကိုစူး
ဖြူစင်မှုတွေကိုစူး
အဆိပ်ဆူးတွေဖြစ်
ဘာပဲဖြစ်ဖြစ်
အချစ်မှာတို့နှစ်ဦး
ရူးသွပ်ခဲ့ကြတာပါပဲ ။

 အရှုံးပေးတာ မဟုတ်ပါဘူးနော်
အမုန်းတွေပွားစေတဲ့စကား
မဆိုကြားပဲ
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့ ။

jasmine



သောကခြေရာ

23
| Monday, April 16, 2012
တွယ်တာလှပေမယ့်၊
ကွယ်ရာကပဲ ချစ်တော့မယ်။

အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။

သံယောဇဉ်ခွေကာရစ်ပေမယ့်၊
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့၊
ချစ်တတ်သူ အမူလုပ်ပါလို့၊
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်၊
ရင်တွင်းမှာ မကြည်မွေ့လေတော့၊
သည်နေ့လဲ စိတ်ညစ်တယ်၊
သိပ်ချစ်တယ်လို့ မဆိုသာတော့။

ပါးစပ်က ပြောမှလား၊
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး၊
အကြည့်ဆုံ ဝေဒနာနွေးတွေက၊
အကြင်နာ ခြေရာလေးတွေပဲ၊
အတွေးမှာ ရစ်တဝဲနဲ့၊
ချစ်သည်းရယ် ဘာသာဖြေလို့၊
မာယာတွေ ဟန်ဆောင်ထိန်းကာ၊
သူစိမ်းတွေပေါ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)
(( အရမ်းကိုကြိုက်ခဲ့တဲ့ ကဗျာလေးပါ))
 





ခံစားချက်

23
| Wednesday, April 11, 2012
ဘယ်ဖက်ရင်ဘတ် 
တချက် တချက်အောင့်နေလေရဲ့
နောက်ကျောဖက်ကလဲ
တစစ်စစ်နဲ့ ထိုးလေရဲ့
အော်   ---- နှလုံး သွေးတိုး
တကယ်ကိုအဖြစ်ဆိုးရပါလား
ထိုင်ရာက ထ လိုက်တိုင်း
မြင်ကွင်းတွေက
ရိုးတိုး ရိတ်တိတ်
သံယောဇဉ်တွေ
စိုးထိပ်ဖြာဝေ
ကြင်နာသူကို
ပျော်ရွှင်မှုမပေးနိုင်လို့
တိုးတိတ်ကာ တွေဝေ
ရိုးရိုးလေးချစ်ခဲ့တာပါ ။

ချစ်သူရယ်
ဘာပဲဖြစ်ဖြစ်
ပြစ်မယူဘူး
မောပန်းနွမ်းနယ်လဲ
မင်ရဲ့ အပြုံး
နှလုံးအေးစေခဲ့ရတယ်
စိတ်တွေ မခိုင်မမြဲတော့
မင်းရဲ့ အားပေးစကား
အခါးဆိုတာ မရှိတော့ဘူး
ဘ၀တလျှေက်လုံးပေါ့ ။

ငါ့နှလုံးသား
ဒဏ်ရာတွေပြည့်နေတာလား
လသာညတွေကိုတမ်းတနေတာလား
တိမ်တွေကိုရော
အပြစ်တင်နေမိလား
နေညိုညိုချိန် မဖြတ်သန်းချင်လဲ
ဘ၀တွေ တိုလွန်းနေတယ် ။


(ဝေဒနာရှင် တစ်ယောက်ရဲ့ ထွက်ပေါက်တစ်ခုပါ
ဘာရည်ရွယ်ချက်မျှ မရှိခဲ့ပါဘူး ဟိုရောက်ဒီရောက်ရေးမိရေးရာလေးပါ)
jasmine



ဆုံးဖြတ်ပါ ချစ်သူ

27
| Wednesday, April 4, 2012
ချစ်သူ
တိုးမယ်ဆို-တိုး
ဆုတ်မယ်ဆို-ဆုတ်လိုက်စမ်းပါ
မတိုး- မဆုတ်နဲ့
အလွမ်းတွေ ထုပ်ပိုးထားရတာ
ရင်ဘတ်လေးသကွဲ့
ချစ်သူ
မုန်းမယ်ဆို-မုန်းလိုက်စမ်းပါ
ချစ်မယ်ဆိုလဲ ပြတ်ပြတ်သားသား
ချစ်လိုက်ကြတာပေါ့
မမုန်း- မချစ်
အပျက်ပျက်နဲ့
ငါ့နှလုံးသား
သွေးစိမ်းရှင်ရှင်ထွက်ပါပကော
ချစ်သူ
လမ်းသစ်ကိုလျှောက်မယ်ဆိုလဲ
ရဲရဲသာလျှောက်
နောက်မလှည့်နဲ့
တည့်တည့်သာသွား
စိတ်မတ်မတ်ထား
ဒါပေမယ့်   လမ်းသစ်မှာတော့
မင်းချစ်တဲ့ ခရေ
ကောက်တဲ့သူ  ကောက်
နင်းတဲ့သူ  နင်း
အပျင်းပြေ ဆော့သူဆော့နဲ့
ကြွေတဲ့အပွင့်ကြွေ
ဝေတဲ့အပွင့်လဲဝေ
အဖြူရောင် စံပယ်မွှေးမွှေးတော့
ရှိချင်လဲ ရှိမပေါ့
သိက္ခာတွေ မစွေ
သာမာဓိတွေ မစောင်းပဲ
ဖြူစင်ခြင်းတွေ
ရင်ထဲမှာ ကောင်းကောင်းသိမ်းထားဖို့ပဲ
လိုတာပါ ။

jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine