Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

*** သုခ ကုသိုလ်ဖြစ်ဆေးခန်း ၄ နှစ်ပြည့်ပြီ***

| Thursday, March 3, 2011


ဦးကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ထူထောင်ထားသည့် သုခ ကုသိုလ်ဖြစ်ဆေးခန်း တည်ထောင် ခဲ့သည်မှာ ယနေ့ ၄ နှစ်ပြည့်ပြီဖြစ်သည်။
Kyaw_Thu400
(သုခ ကုသိုလ်ဖြစ် ဆေးခန်း ၄ နှစ်ပြည့် အခမ်းအနားတွင် စေတနာဆရာဝန်များအား ဦးကျော်သူက ဂါရ၀ပြု လက်ဆောင် ပစ္စည်းများ ပေးအပ်စဉ်)

သုခကုသိုလ်ဖြစ် ဆေးခန်း ၄ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ် နာရေးကူညီမှု အသင်း အဆောက်အအုံသစ်တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတည်းက ကြိုတင် ကျင်းပခဲ့သည်ဟု ဦးကျော်သူက ပြောသည်။
အဆိုပါ အခမ်းအနားသို့ သုခ ကုသိုလ်ဖြစ် ဆေးခန်း၏ စေတနာ့ဝန်ထမ်း ဆရာဝန် ၄၈ ဦး တက်ရောက်ခဲ့ပြီး ဆေးခန်း၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

“တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်လို့ နှစ်ပတ်လည်ကို ကြိုကျင်းပခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ဇန်န၀ါရီကနေ ဒီဇင်ဘာလအထိ သုခ ကုသိုလ်ဖြစ် ဆေးခန်းက ကုသပေးခဲ့တဲ့ လူနာဦးရေ၊ ပြည်သူ့ဆေးရုံ ၈ ရုံမှာ သုခ ကုသိုလ်ဖြစ်ဆေးခန်းကနေ တဆင့် တက်ရောက်ခဲ့တဲ့ လူနာတွေကို ဆေးဝါး အထောက်အပံ့ ကိစ္စတွေ ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို ဂါရ၀ပြု လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

သုခကုသိုလ်ဖြစ် ဆေးခန်းတွင် ၂၀၁၀ ပြည့်နှစ် တနှစ်တာအတွင်း အထွေထွေလူနာ ၁၉၁၄၁ ဦး၊ အသေးစားခွဲစိတ် ကုသရသည့် လူနာ ၂၄၂၇ ဦး အပါအ၀င် လူနာ ၄ သောင်းကျော်ကို ကုသပေးနိုင်ခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံမှ မှာယူထားသည့် မျက်စိ ခွဲစိတ်ခန်းသုံး ပစ္စည်းများမှာ ယခုလအတွင်း ရောက်ရှိတော့မည် ဖြစ်ကြောင်း၊ ပြင်ဆင်ပြီး လာမည့် ဧပြီလတွင် သုခကုသိုလ်ဖြစ် ဆေးခန်းမှ နေ၍ မျက်စိခွဲစိတ်ခန်းကို စတင် လုပ်ဆောင်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း X.RAY, E.C.G, U.S.G စက်များ အသုံးပြု၍ လူနာများကို ကုသပေးလျက်ရှိကြောင်း ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည်လည်း လာမည့် ဧပြီလတွင် ၁၀ နှစ်ပြည့်ပြီဖြစ်သောကြောင့် နှစ်ပတ်လည်အဖြစ် ဧပြီ ၂၃ ရက်နေ့တွင် အသင်းသူ အသင်းသားများ ပျော်ရွှင်မှုအတွက် ဈေးရောင်းပွဲတော် ကျင်းပမည် ဖြစ်ကြောင်း၊ ထိုနေ့တွင်
ရောက်လာမည့် အလှူရှင်များနှင့် ဧည့်သည်များအား နာရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များကို ရှင်းပြမည်ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။

“မဇ္ဈိမလှိုင်း ကိုရဲလွင်၊ ဆောင်းဦးလှိုင်နဲ့ လူငယ်တေးသံရှင်တွေရဲ့ သီချင်း ၃၆ ပုဒ် သွင်းထားတာ ရှိတယ်။ အလှူရှင်တွေကို ကန့်သတ်အနေနဲ့ အဲဒီအခွေတွေ ဝေပေးမယ်။ လာနိုင်တဲ့ အဆိုတော်တွေလည်း လာဖျော်ဖြေကြလိမ့်မယ်။ ပြီးတော့ အခြေခံ အင်္ဂလိပ်စာ သင်တန်း တက်နေတဲ့ ဒီက ကလေးတွေရဲ့ သီချင်းတွေ၊ အကတွေ တင်ဆက်မယ်” ဟု သူက ဆိုသည်။

ဧပြီ ၂၄ ရက်နေ့တွင် မြန်မာပြည်အနှံ့ရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်းများကို ဖိတ်ခေါ်၍ စကားဝိုင်း ပြုလုပ်မည် ဖြစ်ကြောင်း၊ ၎င်းတို့၏ အခက်အခဲကို နားထောင်ကာ မည်သို့ ဆက်လက် လုပ်ဆောင်ကြမည်ကို စဉ်းစားကြံစည် ကြမည်ဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။

နာရေးကူညီမှု အသင်း အနေဖြင့် ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့အထိ
ရုပ်အလောင်းပေါင်း ၉၇၅၆၇ လောင်းကို ပို့ဆောင် ကူညီပေးခဲ့ပြီး ယခု မတ်လအထိ ဆိုလျှင် နာရေး ၁ သိန်း နီးပါး ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သုခကုသိုလ်ဖြစ် ဆေးခန်းမှ တနေ့လျှင် လူနာ ဦးရေ ၂၀၀ ခန့်  ကုသပေးနေပြီး နာရေးကူညီမှု အသင်းအနေဖြင့် ရုပ်အလောင်း ၅၀ ခန့်ကို နေ့စဉ်ပို့ဆောင် ကူညီလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နာရေးကူညီမှု အသင်း (ရန်ကုန်) က သောက်သုံးရေ ရရှိရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

“မနှစ်က သောက်သုံးရေ ပြတ်လပ်တာတွေ စကတည်းကနေ ဒီနေ့အထိ သောက်သုံးရေ ရရှိရေးအတွက် ကူညီပေးနေပါတယ်။
ဒေသ အတော်များများမှာ အ၀ီစိတွင်းတူး၊ အုတ်ကန်ဆောက်၊ ရေစုပ်စက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။ လက်ရှိမှာ နတ်မောက်မြို့နဲ့ ပေါက်ခေါင်းမြို့က ကျေးရွာ တချို့မှာ အ၀ီစိတွင်းတွေ တူးဖော်နေပါတယ်။ အများပြည်သူအတွက် အများပြည်သူကောင်းမှု (နာရေး ကူညီမှုအသင်း - ရန်ကုန်) ဆိုပြီး ကမ္ဗည်းတပ် လှူဒါန်းနေပါတယ်” ဟု ဦးကျော်သူက ပြောသည်။

ဒေသ အာဏာပိုင်များအနေဖြင့် လတ်တလော ကန့်သတ်မှုမရှိသေးဘဲ စောင့်ကြည့်မှုသာ ရှိနေကြောင်း၊ သက်ဆိုင်ရာ သတင်းတပ်ဖွဲ့က လာမည့် နာရေးကူညီမှု အသင်း ၁၀ နှစ်ပြည့်အခမ်းအနားကိစ္စကို လာရောက် မေးမြန်းစုံစမ်းခြင်းမျှသာ ရှိကြောင်း သိရသည်။ 
 
 
ဧရာသတီ သတင်းမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။     ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်....

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine